1. ဂိလဒ်ပြည်တိရှဘိမြို့သားဧလိယဆိုသူ ပရောဖက်က အာဟပ်မင်းအား``မိုးရွာမည်ဟု ငါမပြောမချင်းလာမည့်နှစ်နှစ်သုံးနှစ်တွင် မိုးခေါင်လိမ့်မည်။ ဆီးနှင်းလည်းကျလိမ့်မည် မဟုတ်ကြောင်း ငါကိုးကွယ်၍အသက်ရှင်တော် မူသောဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားကိုတိုင်တည်၍သင့် အားငါဆို၏'' ဟုဆင့်ဆိုလေသည်။
2. ထိုနောက်ထာဝရဘုရားသည်ဧလိယအား၊-
3. ``ဤမြို့မှထွက်ခွာကာအရှေ့အရပ်သို့သွား ပြီးလျှင် ယော်ဒန်မြစ်အရှေ့ဘက်ရှိခေရိတ် ချောင်းအနီးတွင်ပုန်းအောင်းလော့။-
4. သင်သည်ထိုချောင်းမှသောက်ရေကိုရလိမ့်မည်။ သင်ရှိရာသို့အစားအစာယူဆောင်လာရန် ကျီးအတို့ကိုလည်းငါမှာထားပြီးဖြစ်သည်'' ဟုမိန့်တော်မူ၏။
5. ဧလိယသည် ထာဝရဘုရား၏အမိန့်တော် ကိုနာခံလျက်ခေရိတ်ချောင်းသို့သွားရောက် နေထိုင်လေသည်။-
6. သူသည်ချောင်းရေကိုသောက်၏။ ကျီးအတို့ သည်သူစားရန်မုန့်နှင့်အမဲသားကို နေ့စဉ် နေ့တိုင်းနံနက်၌တစ်ကြိမ်ညနေ၌တစ်ကြိမ် ယူဆောင်လာ၏။-
7. ကာလအတန်ကြာသောအခါမိုးခေါင်သဖြင့် ချောင်းရေသည်ခန်းခြောက်လေ၏။
8. ထိုအခါထာဝရဘုရားကဧလိယအား၊-
9. ``ယခုသင်သည်ဇိဒုန်မြို့အနီးရှိဇရတ္တမြို့ သို့သွား၍နေထိုင်လော့။ ထိုမြို့သူမုဆိုးမ တစ်ယောက်အား သင့်ကိုကျွေးမွေးရန်ငါမှာ ကြားထားပြီ'' ဟုမိန့်တော်မူ၏။-
10. သို့ဖြစ်၍ဧလိယသည်ဇရတ္တမြို့သို့သွား လေသည်။ သူသည်မြို့တံခါးဝသို့ရောက်သော အခါ ထင်းခွေနေသောမုဆိုးမတစ်ယောက်ကို တွေ့သဖြင့်``ငါ့အားသောက်ရေတစ်ပေါက် လောက်ပေးပါ'' ဟုပြော၏။-
11. မုဆိုးမသည်ရေခပ်ရန်ထွက်သွားသောအခါ ဧလိယက``ငါ့အတွက်မုန့်အနည်းငယ်ကို လည်းယူလာခဲ့ပါ'' ဟုဟစ်အော်၍ပြော၏။