9. ဘုရင့်ရထားတပ်ခွဲမှူးဇိမရိဆိုသူသည် မင်း ကြီးအားလုပ်ကြံရန်လျှို့ဝှက်ကြံစည်လေသည်။ တစ်နေ့သ၌မင်းကြီးသည်တိရဇမြို့ရှိနန်း တော်အုပ်အာဇ၏အိမ်တွင်သောက်စားမူးယစ် လျက်နေစဉ်၊-
10. ဇိမရိသည်ထိုအိမ်သို့ဝင်၍ဧလာအားလုပ် ကြံကာ သူ၏အရိုက်အရာကိုဆက်ခံ၍မင်း ပြု၏။ ယုဒဘုရင်အာသနန်းစံနှစ်ဆယ့် ခုနစ်နှစ်မြောက်၌ဧလာသည်လုပ်ကြံခြင်း ကိုခံရသတည်း။
11. ဇိမရိသည်ဘုရင်ဖြစ်လျှင်ဖြစ်ချင်း ဗာရှာ ၏အိမ်ထောင်စုသားအပေါင်းကိုသတ်ပြီး နောက် ဗာရှာ၏ဆွေမျိုးမိတ်သင်္ဂဟများ အနက်ယောကျာ်းမှန်သမျှကိုလည်းသတ် လေသည်။-
12. သို့ဖြစ်၍ပရောဖက်ယေဟုအားဖြင့်ဗာရှာ အား ထာဝရဘုရားမိန့်တော်မူခဲ့သည့်စကား နှင့်အညီ ဇိမရိသည်ဗာရှာနှင့်အိမ်ထောင် စုသားအပေါင်းကိုသတ်လေသတည်း။-
13. ဗာရှာနှင့်သားတော်ဧလာသည်ရုပ်တုများ ကိုဝတ်ပြုကိုးကွယ်ခြင်းအားဖြင့်လည်း ကောင်း၊ ဣသရေလပြည်သူတို့အားအပြစ် ကူးရန်ရှေ့ဆောင်လမ်းပြခြင်းအားဖြင့် လည်းကောင်း ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်ထာဝရဘုရား၏အမျက် တော်ကိုလှုံ့ဆော်ပေးကြ၏။-
14. ဧလာဆောင်ရွက်ခဲ့သည့်အခြားအမှုအရာ များကိုဣသရေလရာဇဝင်တွင်ရေးထား သတည်း။
15. ယုဒဘုရင်အာသနန်းစံနှစ်ဆယ့်ခုနစ် နှစ်မြောက်၌ ဇိမရိသည်ဣသရေလဘုရင် အဖြစ်ဖြင့်တိရဇမြို့တွင်ခုနစ်ရက်မျှ နန်းစံရ၏။ ထိုအခါ၌ဣသရေလစစ် သည်တော်တို့သည် ဖိလိတ္တိပြည်ဂိဗေသုန် မြို့ကိုဝိုင်းရံထားကြ၏။-
16. သူတို့သည်မင်းကြီးအားဇိမရိလျှို့ဝှက် လုပ်ကြံသည့်သတင်းကိုကြားသောအခါ ချက်ချင်းထိုအရပ်၌ပင်မိမိတို့၏ဗိုလ်ချုပ် သြမရိကိုဣသရေလဘုရင်အဖြစ်မင်း မြှောက်ကြ၏။-
17. သြမရိနှင့်သူ၏စစ်သူရဲတို့သည်ဂိဗေသုန် မြို့မှထွက်ခွာ၍ တိရဇမြို့သို့သွားရောက်ဝိုင်း ရံထားကြ၏။-
18. မြို့တော်ကျဆုံးတော့မည်ဖြစ်ကြောင်းသိရှိရ သောအခါ ဇိမရိသည်နန်းအတွင်းရဲတိုက်ခန်း သို့ဝင်၍နန်းတော်ကိုမီးရှို့ကာမီးတောက်မီး လျှံထဲ၌သေဆုံးသွားလေသည်။-
19. ဤသို့ဖြစ်ရခြင်းမှာ ထာဝရဘုရားအားသူ ပြစ်မှားသည့်အပြစ်များကြောင့်ဖြစ်၏။ သူသည် ဘုရင်ယေရောဗောင်ကဲ့သို့ကိုယ်တိုင်အပြစ်ကူး ၍ ဣသရေလပြည်သူတို့အားအပြစ်ကူးရန်ရှေ့ ဆောင်လမ်းပြခြင်းအားဖြင့် ထာဝရဘုရား မနှစ်သက်သောအမှုကိုပြုလေသည်။-
20. လျှို့ဝှက်လုပ်ကြံမှုအပါအဝင်ဇိမရိဆောင် ရွက်ခဲ့သည့် အခြားအမှုအရာရှိသမျှကို ဣသရေလရာဇဝင်တွင်ရေးထားသတည်း။
21. ဣသရေလပြည်သူတို့သည် စိတ်ဝမ်းကွဲ ပြားလျက်နေကြ၏။ အချို့တို့သည်ဂိနက် ၏သားတိဗနိကိုမင်းမြှောက်လိုကြ၏။ အချို့ကမူသြမရိကိုလိုလားကြ၏။-
22. နောက်ဆုံး၌သြမရိကိုလိုလားသူတို့ ကအနိုင်ရလေသည်။ တိဗနိသေ၍ သြမရိသည်ဘုရင်ဖြစ်လာလေသည်။-
23. သို့ဖြစ်၍သူသည်ယုဒဘုရင်အာသနန်း စံသုံးဆယ့်တစ်နှစ်မြောက်၌ ဣသရေလပြည် တွင်နန်းတက်၍တစ်ဆယ့်နှစ်နှစ်နန်းစံရလေ သည်။ သူသည်တိရဇမြို့တွင်ပထမခြောက် နှစ်နန်းစံပြီးလျှင်၊-
24. ရှမာရိတောင်ကိုရှမေရဆိုသူထံမှငွေ သားခြောက်ထောင်နှင့်ဝယ်ယူတော်မူ၏။ သြမရိ သည်ထိုတောင်ကိုတံတိုင်းကာရံကာမြို့တည် ပြီးမှ တောင်ပိုင်ရှင်ဟောင်းရှမေရ၏နာမည် ကိုအစွဲပြု၍ရှမာရိမြို့ဟုသမုတ်တော် မူ၏။
25. သြမရိသည် မိမိ၏နောင်တော့်နောင်တော် ဘုရင်အပေါင်းတို့ထက်ပင် ပိုမိုဆိုးရွားစွာ ထာဝရဘုရားအားပြစ်မှားလေသည်။-
26. သူသည်မိမိ၏နောင်တော်ဘုရင်ယေရောဗောင် ကဲ့သို့ မိမိ၏အပြစ်များအားဖြင့်လည်းကောင်း၊ ပြည်သူတို့အားအပြစ်ကူးရန်နှင့်ရုပ်တု များကိုဝတ်ပြုကိုးကွယ်ကြရန်ရှေ့ဆောင်လမ်း ပြပေးခြင်းအားဖြင့်လည်းကောင်း ထာဝရ ဘုရား၏အမျက်တော်ကိုလှုံ့ဆော်ပေး၏။-
27. သြမရိဆောင်ရွက်ခဲ့သည့်အခြားအမှု အရာရှိသမျှနှင့် သူ၏စွန့်စားခန်းများ ကိုဣသရေလရာဇဝင်တွင်ရေးသားထား သတည်း။-
28. သြမရိကွယ်လွန်သောအခါရှမာရိမြို့တွင် သင်္ဂြိုဟ်ကြ၏။ ထို့နောက်သားတော်အာဟပ်သည် ခမည်းတော်၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်လေသည်။