48. `ငါ၏အဆက်အနွယ်ထဲမှတစ်ဦးအားငါ ၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်စေတော် မူသည်သာမကငါ့အားလည်း ထိုအမှုကို မြင်နိုင်ခွင့်ပေးတော်မူသောဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရားအား ထောမနာပြုကြစို့' ဟုဆုတောင်းပတ္ထနာ ပြုတော်မူပါ၏'' ဟူ၍ပြန်လည်ဖြေကြား လေသည်။
49. ထိုအခါအဒေါနိယ၏ ဧည့်သည်တော်တို့ သည်ကြောက်လန့်ကြသဖြင့် ထ၍တစ်ယောက် တစ်လမ်းစီပြန်သွားကြ၏။-
50. အဒေါနိယသည်ရှောလမုန်ကိုလွန်စွာ ကြောက်သောကြောင့် ထာဝရဘုရားစံတော် မူရာတဲတော်သို့သွား၍ယဇ်ပလ္လင်ထောင့် စွယ်များ ကိုဆုပ်ကိုင်ထားပြီးလျှင်၊-
51. ``ရှောလမုန်မင်းသည်ကျွန်တော်အားကွပ်မျက် တော်မူမည်မဟုတ်ဟု ဦးစွာကျိန်ဆိုမိန့်မြွက် တော်မူပါစေ'' ဟုဆို၏။ ဤအချင်းအရာ ကိုရှောလမုန်မင်းအားလျှောက်ထားကြ၏။-
52. ရှောလမုန်က``သူသည်သစ္စာရှိသူဖြစ်ပါ လျှင် သူ၏ဦးခေါင်းမှဆံခြည်တစ်ပင်ကို မျှလက်ဖျားနှင့်ထိလိမ့်မည်မဟုတ်။ သစ္စာ မဲ့သူဖြစ်လျှင်မူကားသေဒဏ်ခံရမည်'' ဟုဆို၏။-
53. ထို့နောက်ရှောလမုန်မင်းသည်လူလွှတ်၍ အဒေါနိယအားယဇ်ပလ္လင်မှခေါ်ခဲ့စေ၏။ အဒေါနိယသည်မင်းကြီးထံလာရောက် ၍ရှေ့တော်၌ဦးညွှတ်ပျပ်ဝပ်လျက်နေ၏။ ထိုအခါမင်းကြီးကသူ့အား``သင့်အိမ် သို့ပြန်နိုင်ပြီ'' ဟုမိန့်တော်မူ၏။