28. ဒါဝိဒ်မင်းက``ဗာသရှေဘအား အခန်းထဲသို့ ပြန်၍ဝင်စေလော့'' ဟုဆိုလျှင် ဗာသရှေဘ သည်ဝင်လာ၍ရှေ့တော်တွင်ရပ်လျက်နေ၏။-
29. ထိုအခါမင်းကြီးက``ဒုက္ခဆင်းရဲအပေါင်း မှငါ့အားကယ်ဆယ်တော်မူ၍ အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင်တည် ကာသင့်အားငါကျိန်ဆိုပါ၏။-
30. ငါသည်သင်၏သားရှောလမုန်အားငါ့ အရိုက်အရာကိုဆက်ခံ၍နန်းတက်ရမည် ဟု ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားနာမတော်ကိုတိုင် တည်၍ ကျိန်ဆိုခဲ့သည်အတိုင်းငါပြုမည် ဖြစ်ကြောင်းယနေ့ငါကတိပေး၏'' ဟု မိန့်တော်မူ၏။
31. ဗာသရှေဘသည်ဦးညွတ်ပျပ်ဝပ်လျက်``ကျွန်မ ၏သခင် အရှင်မင်းကြီးသည်သက်တော်ရှည် ပါစေသော'' ဟုမြွက်ဆိုလေ၏။
32. ထို့နောက်ဒါဝိဒ်မင်းသည်ဇာဒုတ်၊ နာသန်နှင့် ဗေနာယတို့ကိုခေါ်စေတော်မူ၏။ သူတို့ ရောက်ရှိလာသောအခါ၊-
33. မင်းကြီးက``ငါ၏မှူးမတ်တို့ကိုအတူခေါ်ကာ သားတော်ရှောလမုန်အား ငါ၏မြည်းတော်ကို စီးစေ၍ဂိဟုန်စမ်းသို့ပို့ဆောင်ကြလော့။-
34. ထိုအရပ်တွင်ဇာဒုတ်နှင့်နာသန်တို့ကသူ့အား ဣသရေလဘုရင်အဖြစ်ဖြင့်ဘိသိက်ပေးကြ စေ။ ထို့နောက်တံပိုးခရာမှုတ်၍`ရှောလမုန်မင်း သက်တော်ရှည်ပါစေသော' ဟုကြွေးကြော်ကြ လော့။-
35. သူသည်ငါ၏ရာဇာပလ္လင်ပေါ်တွင်စံတော်မူရန် ဤအရပ်သို့ပြန်လာချိန်၌သင်တို့သည်လည်း သူ၏နောက်မှလိုက်ခဲ့ရကြမည်။ သူ့အားဣသ ရေလပြည်နှင့်ယုဒပြည်တို့၏ဘုရင်အဖြစ် ငါရွေးချယ်တော်မူပြီ။ ထို့ကြောင့်သူသည်ငါ ၏အရိုက်အရာကိုဆက်ခံ၍နန်းတက်ရ မည်'' ဟုမိန့်တော်မူ၏။
36. ဗေနာယက``အမိန့်တော်အတိုင်းဖြစ်စေ ပါမည်။ အရှင်၏ဘုရားသခင်ထာဝရ ဘုရားကလည်း ထိုအမိန့်တော်ကိုအတည် ပြုတော်မူပါစေသော။-
37. ထာဝရဘုရားသည်အရှင်မင်းကြီးနှင့် အတူရှိတော်မူခဲ့သည်နည်းတူ ရှောလမုန် နှင့်လည်းအတူရှိတော်မူ၍ သူနန်းစံချိန်၌ အရှင်နန်းစံတော်မူချိန်မှာထက်ပင်ပို၍ ပြည်တော်သာယာဝပြောပါစေသော'' ဟု ပြန်လည်လျှောက်ထား၏။