8. ထိုအခါဘုရားသခင်၏အမျက်တော်ကြောင့် မြေကြီးသည်တုန်လှုပ်လေ၏။မိုးကောင်းကင်၏အခြေအမြစ်တို့သည် ရွေ့လျားတုန်လှုပ်ကြ၏။
9. နှာခေါင်းတော်ထဲမှမီးခိုးများသည်လည်းကောင်း၊ ခံတွင်းတော်ထဲမှကျွမ်းလောင်စေတတ်သည့်မီးလျှံနှင့်မီးကျီးခဲများသည်လည်းကောင်း ထွက်လေ၏။
10. ကိုယ်တော်သည်မိုးကောင်းကင်ကိုကွေးညွှတ်စေပြီးလျှင်ဆင်းသက်ကြွလာ တော်မူ၏။ခြေဖဝါးတော်အောက်တွင်မဲမှောင်သော မိုးတိမ်များရှိ၏။
11. ကိုယ်တော်သည်ခေရုဗိမ် ကိုစီးလျက်လေပြင်း အဟုန်ဖြင့်လျင်မြန်စွာကြွလာတော်မူ၏။
12. ကိုယ်တော်သည်မှောင်မိုက်တည်းဟူသော ရေခိုးရေငွေ့အပြည့်ပါရှိသည့်ထူထပ်သောမိုးတိမ်တိုက်ကိုပတ်လည်တော်၌ ကာရံစေတော်မူ၏။
13. ရှေ့တော်၌လျှပ်စီးပြက်သဖြင့်မီးကျီး ခဲများသည် အလျှံထလေ၏။
14. ထိုနောက်ထာဝရဘုရားသည်ကောင်းကင်မှ မိုးချုန်းစေတော်မူ၏။အနန္တတန်ခိုးရှင်ဘုရားသခင်၏အသံ တော်သည် ထွက်ပေါ်လာ၏။
15. ကိုယ်တော်သည်မြားတော်တို့ကို ပစ်လွှတ်တော်မူလျက်ရန်သူများကိုကွဲလွင့်စေတော်မူ၏။လျှပ်စီးပြက်စေလျက်သူတို့အား ထွက်ပြေးစေတော်မူ၏။
16. ထာဝရဘုရားသည်ရန်သူတို့အား အမျက်ထွက်တော်မူ၍ဆုံးမကြိမ်းဝါးတော်မူသောအခါ၊သမုဒ္ဒရာ အောက်ခံနှင့်ကမ္ဘာမြေကြီး၏အခြေအမြစ်တို့သည်ဟင်းလင်းထင်ပေါ်လာ ကုန်၏။
17. ထာဝရဘုရားသည်ကောင်းကင်ဘုံမှလက်တော်ကို ဆန့်တော်မူ၍ငါ့ကိုကိုင်တော်မူ၏။ရေနက်ကြီးထဲမှငါ့ကိုဆယ်တင်တော်မူ၏။
18. ကိုယ်တော်သည်တန်ခိုးကြီးသောရန်သူငါ့ကိုမုန်းသောသူအပေါင်းတို့၏လက်မှ ငါ့ကိုကယ်တော်မူ၏။သူတို့သည်ငါပြိုင်၍မရနိုင်အောင်ခွန်အား ကြီးပါ၏။