10. ကိုယ်တော်သည်မိုးကောင်းကင်ကိုကွေးညွှတ်စေပြီးလျှင်ဆင်းသက်ကြွလာ တော်မူ၏။ခြေဖဝါးတော်အောက်တွင်မဲမှောင်သော မိုးတိမ်များရှိ၏။
11. ကိုယ်တော်သည်ခေရုဗိမ် ကိုစီးလျက်လေပြင်း အဟုန်ဖြင့်လျင်မြန်စွာကြွလာတော်မူ၏။
12. ကိုယ်တော်သည်မှောင်မိုက်တည်းဟူသော ရေခိုးရေငွေ့အပြည့်ပါရှိသည့်ထူထပ်သောမိုးတိမ်တိုက်ကိုပတ်လည်တော်၌ ကာရံစေတော်မူ၏။
13. ရှေ့တော်၌လျှပ်စီးပြက်သဖြင့်မီးကျီး ခဲများသည် အလျှံထလေ၏။
14. ထိုနောက်ထာဝရဘုရားသည်ကောင်းကင်မှ မိုးချုန်းစေတော်မူ၏။အနန္တတန်ခိုးရှင်ဘုရားသခင်၏အသံ တော်သည် ထွက်ပေါ်လာ၏။
15. ကိုယ်တော်သည်မြားတော်တို့ကို ပစ်လွှတ်တော်မူလျက်ရန်သူများကိုကွဲလွင့်စေတော်မူ၏။လျှပ်စီးပြက်စေလျက်သူတို့အား ထွက်ပြေးစေတော်မူ၏။
16. ထာဝရဘုရားသည်ရန်သူတို့အား အမျက်ထွက်တော်မူ၍ဆုံးမကြိမ်းဝါးတော်မူသောအခါ၊သမုဒ္ဒရာ အောက်ခံနှင့်ကမ္ဘာမြေကြီး၏အခြေအမြစ်တို့သည်ဟင်းလင်းထင်ပေါ်လာ ကုန်၏။
17. ထာဝရဘုရားသည်ကောင်းကင်ဘုံမှလက်တော်ကို ဆန့်တော်မူ၍ငါ့ကိုကိုင်တော်မူ၏။ရေနက်ကြီးထဲမှငါ့ကိုဆယ်တင်တော်မူ၏။
18. ကိုယ်တော်သည်တန်ခိုးကြီးသောရန်သူငါ့ကိုမုန်းသောသူအပေါင်းတို့၏လက်မှ ငါ့ကိုကယ်တော်မူ၏။သူတို့သည်ငါပြိုင်၍မရနိုင်အောင်ခွန်အား ကြီးပါ၏။
19. ငါသည်ဒုက္ခရောက်သောအခါသူတို့သည် ငါ့ကိုတိုက်ခိုက်ကြ၏။သို့သော်လည်းထာဝရဘုရားသည်ငါ့ကို ကွယ်ကာစောင့်ရှောက်တော်မူ၏။
20. ကိုယ်တော်သည်ငါ့ကိုဘေးမှလွတ်မြောက်ရန် ကူမတော်မူ၏။ငါ့ကိုနှစ်သက်တော်မူသဖြင့်ကယ်တော်မူ၏။
21. ငါသည်ဖြောင့်မတ်စွာပြုကျင့်သဖြင့်ထာဝရဘုရားသည်ငါ့အားဆုလာဘ်များ ချပေးတော်မူ၏။ငါသည်အပြစ်ကင်းသဖြင့်ကိုယ်တော်သည် ငါ့ကိုကောင်းချီးပေးတော်မူ၏။
22. ငါသည်ထာဝရဘုရား၏ပညတ်တော်တို့ကို စောင့်ရှောက်ခဲ့ပါ၏။ငါ၏ဘုရားသခင်ကိုကျောမခိုင်းခဲ့ပါ။
23. ငါသည်ကိုယ်တော်၏ပညတ်တော်ရှိသမျှတို့ကို စောင့်ထိန်းခဲ့၏။ကိုယ်တော်၏အမိန့်တော်တို့ကိုမဖီဆန်ခဲ့ပါ။
24. ငါသည်အပြစ်မဲ့သူဖြစ်ကြောင်းကိုလည်း ကောင်း၊ဒုစရိုက်ကိုရှောင်ကြဉ်ကြောင်းကိုလည်းကောင်း ကိုယ်တော်သိတော်မူပါ၏။
25. ထို့ကြောင့်ငါသည်အပြစ်ကင်းသူဖြစ်ကြောင်းကို သိတော်မူသဖြင့်လည်းကောင်း၊ငါသည်ဖြောင့်မတ်စွာပြုကျင့်သဖြင့်လည်းကောင်း၊ကိုယ်တော်သည်ငါ့အားဆုလာဘ်များကို ပေးသနားတော်မူ၏။