1. ရှောလုနှင့်အခြားရန်သူတို့၏လက်မှထာဝရ ဘုရားကယ်တော်မူခြင်းကိုခံရပြီးသည့် အခါ၌ ဒါဝိဒ်သည်အောက်ပါသီချင်းကို ဖွဲ့ဆို၏။
2. ထာဝရဘုရားသည်ငါ၏ကယ်တင်ရှင် ငါ၏ခိုင်ခံ့သောရဲတိုက်ဖြစ်တော်မူ၏။
3. ငါ၏ဘုရားသခင်သည်ငါ့ကိုကွယ်ကာစောင့်ရှောက်တော်မူသဖြင့် ငါသည်ဘေးမဲ့လုံခြုံမှုရှိပါ၏။ကိုယ်တော်သည်ဒိုင်းလွှားသဖွယ်ငါ့ကို ကွယ်ကာတော်မူ၏။ငါ၏ဘက်မှခုခံတိုက်ခိုက်တော်မူ၍ ငါ့အားဘေးမဲ့လုံခြုံစွာထားတော်မူ၏။ကိုယ်တော်သည်ငါ၏ကယ်တင်ရှင်ဖြစ်တော်မူ၏။ငါ့ကိုကွယ်ကာ၍အကြမ်းဖက်မှုမှကယ်တော် မူ၏။
4. ငါသည်ထာဝရဘုရားအားတောင်းလျှောက်သည့် အခါတိုင်းကိုယ်တော်သည်ငါ့အားရန်သူများလက်မှကယ်တော်မူ၏။ထာဝရဘုရားအားထောမနာပြုကြလော့။
5. သေမင်း၏လှိုင်းတံပိုးများသည်ငါ့ကိုဝိုင်းရံ လျက်ရှိ၏။ဆုံးပါးပျက်စီးခြင်းလှိုင်းလုံးများသည်ငါ၏ အပေါ်သို့ လွှမ်းမိုး၍လာကြ၏။
6. မရဏာနိုင်ငံ၏ကြိုးတို့သည်ငါ့ကိုရစ်ပတ် ကြ၏။ သေမင်းသည်ငါ့ကိုဖမ်းရန်ကျော့ကွင်းထောင်၏။
7. ငါသည်ဒုက္ခရောက်၍ထာဝရဘုရားအား ဟစ်ခေါ်ပါ၏။ကူမတော်မူရန်ငါ၏ဘုရားသခင်အား ဟစ်ခေါ်ပါ၏။ကိုယ်တော်သည်ဗိမာန်တော်ထဲမှာငါ၏အသံ ကို ကြားတော်မူ၏။ကူမတော်မူရန်ငါဟစ်ခေါ်သံကိုကြားတော် မူ၏။