19. ဘုရားသခင်၏လူမျိုးတော်သည် အရေအတွက်အားဖြင့်နည်းပါး၍၊ခါနာန်ပြည်တွင်သူစိမ်းတစ်ရံဆံများ အဖြစ်ဖြင့် နေရကြ၏။
20. တစ်နိုင်ငံမှတစ်နိုင်ငံ၊လူမျိုးတစ်မျိုးမှ တစ်မျိုးသို့ လှည့်လည်သွားလာရကြ၏။
21. သို့ရာတွင်ဘုရားသခင်သည်သူတို့အားဖိစီး နှိပ်စက်ရန် အဘယ်သူကိုမျှခွင့်ပြုတော်မမူ။သူတို့အားကာကွယ်စောင့်ရှောက်ရန် ရှင်ဘုရင်တို့အားသတိပေးတော်မူ၏။
22. ကိုယ်တော်က``ငါရွေးချယ်ထားသည့်အစေခံ တို့ကို ဘေးဥပဒ်မရောက်စေကြနှင့်။ငါ၏ပရောဖက်တို့ကိုမထိကြနှင့်'' ဟုမိန့် တော်မူ၏။
23. ကမ္ဘာသူကမ္ဘာသားအပေါင်းတို့၊သီချင်းဆို၍ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်းကြ လော့။ကိုယ်တော်သည်ငါတို့အားကယ်တော်မူကြောင်း သတင်းကောင်းကိုနေ့စဉ်နေ့တိုင်းထုတ်ဖော်ကြေညာကြလော့။
24. လူမျိုးတကာတို့အားကိုယ်တော်၏ ဘုန်းအသရေကိုလည်းကောင်း၊လူအပေါင်းတို့အားကိုယ်တော်၏အံ့သြဖွယ်သောအမှုတော်တို့ကိုလည်းကောင်း ထုတ်ဖော်ကြေညာကြလော့။
25. ထာဝရဘုရားသည်ကြီးမြတ်တော်မူ၍ငါတို့သည်ကိုယ်တော်ကိုထောမနာပြုရကြ ပေမည်။ငါတို့သည်ကိုယ်တော်အားအခြားဘုရားများ ထက် ပို၍ကြောက်ရွံ့ရိုသေရကြပေမည်။
26. အခြားလူမျိုးတို့၏ဘုရားများသည် ရုပ်တုများသာဖြစ်ကြ၏။ထာဝရဘုရားမူကားမိုးကောင်းကင်ကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်တော်မူ၏။
27. ဘုန်းအသရေတော်နှင့်တန်ခိုးအာနုဘော် တော်သည် ကိုယ်တော်အားဝိုင်းရံလျက်ရှိ၏။ကိုယ်တော်၏ဗိမာန်တော်သည်ဝမ်းမြောက် ရွှင်မြူးသံနှင့်ပြည့်လျက်ရှိ၏။
28. ကမ္ဘာပေါ်ရှိလူအပေါင်းတို့၊ထာဝရဘုရားကို ထောမနာပြုကြလော့။ကိုယ်တော်၏ဘုန်းအသရေတော်နှင့်တန်ခိုး အာနုဘော်တော်ကိုထောမနာပြုကြလော့။
29. ဘုန်းအသရေတော်ရှင်ထာဝရဘုရား၏နာမ တော်ကို ထောမနာပြုကြလော့။ပူဇော်သကာကိုဆောင်ယူလျက်ကိုယ်တော်၏ ဗိမာန်တော်သို့ဝင်ကြလော့။သန့်ရှင်းမြင့်မြတ်တော်မူသောအရှင်ကြွလာတော်မူသောအခါဦးညွှတ်ပျပ်ဝပ် ကြလော့။
30. ကမ္ဘာမြေကြီးသားအပေါင်းတို့၊ကိုယ်တော်၏ ရှေ့တော်၌ ကြောက်လန့်တုန်လှုပ်ကြလော့။ကမ္ဘာမြေကြီးသည်မရွှေ့မလျားနိုင်အောင် မိမိ၏နေရာတွင်ခိုင်မြဲစွာတည်နေ၏။
31. အချင်းကုန်းမြေနှင့်မိုးကောင်းကင်တို့၊ ရွှင်လန်းဝမ်းမြောက်ကြလော့။ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူကြောင်း လူမျိုးတကာတို့အားပြောကြားလော့။