1. သူတို့သည်ပဋိညာဉ်သေတ္တာတော်ကို ဒါဝိဒ် မင်းအသင့်ပြင်ဆင်ထားသည့်တဲတော်သို့ ပင့်ဆောင်ပြီးနောက် ထိုတဲတော်ထဲတွင်ထား ရှိကြ၏။ ထို့နောက်မီးရှို့ရာယဇ်နှင့်မိတ် သဟာယယဇ်တို့ကိုဘုရားသခင်အား ပူဇော်ကြ၏။-
2. ဒါဝိဒ်မင်းသည်ဤသို့ယဇ်များကိုပူဇော် ပြီးသောအခါ ထာဝရဘုရား၏နာမ တော်ကိုအမှီပြု၍လူတို့အားကောင်းချီး ပေးပြီးလျှင်၊-
3. အစားအစာများကိုဝေပေးတော်မူ၏။ မင်း ကြီးသည်ဣသရေလနိုင်ငံရှိအမျိုးသား အမျိုးသမီးအပေါင်းတို့အားမုန့်တစ်လုံး၊ အမဲသားတစ်တုံးနှင့် စပျစ်သီးခြောက် အနည်းငယ်စီပေးတော်မူ၏။
4. ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားအား ပဋိညာဉ်သေတ္တာတော်ရှေ့ တွင်ဝတ်ပြုကိုးကွယ်ရာ၌သီချင်းဆိုခြင်း၊ ဂုဏ်တော်ကိုချီးမွမ်းခြင်းတို့ဖြင့်ဦးဆောင်ရန် ဒါဝိဒ်မင်းသည်လေဝိအနွယ်ဝင်အချို့တို့ ကိုခန့်ထားတော်မူ၏။-
5. သူတို့၏ခေါင်းဆောင်မှာအာသပ်ဖြစ်၍သူ ၏လက်ထောက်မှာဇာခရိဖြစ်၏။ ယေလ၊ ရှေမိ၊ ရာမုတ်၊ ယေဟေလ၊ မတ္တိသိ၊ ဧလျာဘ၊ ဗေနာယ၊ သြဗဒေဒုံနှင့်ယေလတို့သည် စောင်းများကိုတီးရကြ၏။ အာသပ်ကား လင်းကွင်းကိုတီးရ၍၊-
6. ယဇ်ပုရောဟိတ်ဗေနာယနှင့်ယဟာဇေလ တို့ကတံပိုးခရာများကိုပဋိညာဉ်သေတ္တာ တော်၏ရှေ့တွင်အချိန်မှန်မှန်မှုတ်ရကြ၏။-
7. ဤကားထာဝရဘုရားအားထောမနာပြု ၍သီချင်းဆိုကြရန် အာသပ်နှင့်မိမိ၏အဖော် လေဝိအနွယ်ဝင်တို့ကို ဒါဝိဒ်မင်းပထမဆုံး အကြိမ်တာဝန်ပေးခြင်းပင်ဖြစ်သတည်း။
8. ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်း ကြလော့။ကိုယ်တော်သည်ကြီးမြတ်တော်မူကြောင်းကို ထုတ်ဖော်ကြေညာကြလော့။ကိုယ်တော်ပြုတော်မူသောအမှုတော်တို့ကို လူမျိုးတကာတို့အားပြောကြားကြလော့။
9. ကိုယ်တော်ပြုတော်မူသောအံ့သြဘွယ်ရာတို့ ကို ပြောကြားလျက်ကိုယ်တော်၏ဂုဏ်တော်ကိုသီချင်းဆို၍ ချီးမွမ်းကြလော့။
10. ငါတို့အားကိုယ်တော်ပိုင်တော်မူသည်ဖြစ်၍ ဝမ်းမြောက်ကြလော့။ကိုယ်တော်အားဝတ်ပြုကိုးကွယ်သူအပေါင်း တို့သည် ဝမ်းမြောက်ရွှင်မြူးကြစေ။
11. ကူမတော်မူရန်ထာဝရဘုရား၏ထံတော်သို့ ချဉ်းကပ်ကြလော့။ကိုယ်တော်အားအစဉ်အမြဲဝတ်ပြု ကိုးကွယ်ကြလော့။
12-13. ဘုရားသခင်၏အစေခံယာကုပ်၏သား မြေးတို့၊ဘုရားသခင်ရွေးကောက်တော်မူသော ဣသရေလ၏သားမြေးတို့၊ကိုယ်တော်ပြတော်မူသည့်ကြီးမြတ်အံ့သြဖွယ် ကောင်းသောနိမိတ်လက္ခဏာတို့ကိုလည်းကောင်း၊ကိုယ်တော်ချမှတ်တော်မူသောတရား စီရင်ချက်တို့ကိုလည်းကောင်းအောက်မေ့သတိရကြလော့။
14. ထာဝရဘုရားသည်ငါတို့၏ဘုရားသခင် ဖြစ်တော်မူ၏။ကိုယ်တော်၏ပညတ်တော်တို့သည် ကမ္ဘာတစ်ဝန်းလုံးအတွက်ဖြစ်၏။
15-16. ထာဝစဉ်တည်မြဲစေရန်ကိုယ်တော်ပြုတော် မူသော ပဋိညာဉ်တော်တည်းဟူသောအာဗြဟံနှင့်ကိုယ်တော်ပြုတော်မူသော ပဋိညာဉ်တော်ကိုလည်းကောင်း၊ဣဇာက်အားပေးတော်မူသောကတိတော် ကိုလည်းကောင်း၊အဘယ်အခါ၌မျှမမေ့မလျော့ကြနှင့်။
17. ထာဝရဘုရားသည်ထာဝစဉ်တည်မြဲမည့် ပဋိညာဉ်တော်ကိုယာကုပ်နှင့်ပြုတော်မူခဲ့၏။