4. ထာဝရဘုရားသည်ရှမွေလအားခေါ် တော်မူ၏။ ရှမွေလကလည်း``ရှိပါသည် အရှင်'' ဟုထူးပြီးလျှင်၊-
5. ဧလိထံသို့ပြေး၍သွားကာ``အရှင်ခေါ် သဖြင့် ကျွန်တော်လာပါပြီ'' ဟုလျှောက်၏။သို့ရာတွင်ဧလိက``သင့်ကိုငါမခေါ်။ ပြန်၍ အိပ်လော့'' ဟုဆို၏။ သို့ဖြစ်၍ရှမွေလသည် ပြန်၍အိပ်လေ၏။
6-7. ဘုရားသခင်သည်ရှမွေလကိုတစ်ဖန်ခေါ်တော် မူပြန်၏။ သူငယ်သည်ထာဝရဘုရားခေါ်တော် မူမှန်းကိုမသိ။ အဘယ်ကြောင့်ဆိုသော်ထာဝရ ဘုရားသည် သူ့အားအဘယ်အခါကမျှဗျာ ဒိတ်ပေးတော်မမူခဲ့ဘူးသောကြောင့်ဖြစ်၏။ ထို့ ကြောင့်သူသည်ဧလိထံသို့သွားပြီးလျှင်``အရှင် ခေါ်သောကြောင့် လာပါပြီ'' ဟုလျှောက်၏။သို့ရာတွင်ဧလိက``ငါ့သားသင့်ကိုငါ မခေါ်။ သင်ပြန်၍အိပ်လော့'' ဟုဆို၏။
8. ထာဝရဘုရားသည်ရှမွေလကိုတတိယ အကြိမ်ခေါ်တော်မူပြန်၏။ သူသည်ထ၍ ဧလိထံသို့သွားပြီးလျှင်``အရှင်ခေါ်သော ကြောင့်ကျွန်တော်လာပါပြီ'' ဟုလျှောက်၏။ထိုအခါဧလိသည်သူငယ်ကိုခေါ်သောသူ ကား ထာဝရဘုရားပင်ဖြစ်တော်မူကြောင်း ရိပ်မိသဖြင့်၊-
9. ``သင်သည်ပြန်၍အိပ်လော့။ အကယ်၍သင့်အား နောက်တစ်ကြိမ်ခေါ်လျှင်`ထာဝရဘုရား၊ အမိန့် ရှိတော်မူပါ။ ကိုယ်တော်၏ကျွန်နာခံလျက်ရှိ ပါ၏' ဟုလျှောက်ထားလော့'' ဟုမှာကြားလိုက်၏။ သို့ဖြစ်၍ရှမွေလသည်ပြန်၍အိပ်လေ၏။
10. ထာဝရဘုရားသည်ကြွလာတော်မူ၍ ရှမွေလအနီးတွင်ရပ်တော်မူလျက်``ရှမွေလ၊ ရှမွေလ'' ဟုရှေးနည်းတူခေါ်တော်မူ၏။ရှမွေလက``အမိန့်ရှိတော်မူပါ။ ကိုယ်တော်၏ ကျွန်နာခံလျက်ရှိပါ၏'' ဟုလျှောက်၏။
11. ထာဝရဘုရားက``တစ်နေ့သောအခါ ဣသရေလအမျိုးသားတို့အားငါပြုမည့် အမှုသည်လွန်စွာကြောက်မက်ဖွယ်ကောင်းသဖြင့် ယင်းအကြောင်းကိုကြားသိရသူလူအပေါင်း တို့သည်ထိတ်လန့်၍သွားကြလိမ့်မည်။-
12. ထိုနေ့ကျရောက်သောအခါ ငါသည်ဧလိ၏ အိမ်ထောင်စုသားတို့အားဒဏ်စီရင်မည်ဟု မိန့်တော်မူခဲ့သည်အတိုင်း အစမှအဆုံး တိုင်အောင်ငါစီရင်မည်။-
13. သူ၏သားတို့သည်ငါ့အားပြစ်မှားပြောဆိုခဲ့ ကြသဖြင့် ငါသည်သူ၏အိမ်ထောင်စုကိုအပြစ် ဒဏ်စီရင်မည်ဖြစ်ကြောင်းဧလိအားပြောကြား ခဲ့ပြီးဖြစ်၏။ သူတို့သည်ဤသို့သောဒုစရိုက် များကိုပြုကျင့်လျက်နေကြောင်းကိုဧလိသိ သော်လည်းသူတို့အားမတားမြစ်။-
14. သို့ဖြစ်၍အဘယ်ယဇ်အဘယ်ပူဇော်သကာမျှ ဤဆိုးရွားသောအပြစ်ကိုဖြေလွတ်အောင်စွမ်း ဆောင်နိုင်လိမ့်မည်မဟုတ်ကြောင်း ငါသည်ဧလိ အိမ်ထောင်စုအားအလေးအနက်မြွက်ဆို၏'' ဟုမိန့်တော်မူ၏။