1. ဖိလိတ္တိအမျိုးသားတို့သည်ကိလမြို့ကို တိုက်ခိုက်၍ ရိတ်သိမ်းပြီးစကောက်သစ်များ ကိုလုယူသောသတင်းကိုဒါဝိဒ်ကြား လျှင်၊-
2. ထာဝရဘုရားအား``ကျွန်တော်မျိုးသည် ဖိလိတ္တိအမျိုးသားတို့ကိုသွားရောက်တိုက် ခိုက်ရပါမည်လော'' ဟုမေးလျှောက်၏။ထာဝရဘုရားက``သွားလော့။ သူတို့ကို တိုက်ခိုက်၍ ကိလမြို့ကိုကယ်တင်လော့'' ဟုမိန့်တော်မူ၏။
3. သို့ရာတွင်ဒါဝိဒ်၏အပေါင်းပါတို့က``ဤ ယုဒပြည်တွင်ပင်လျှင်အကျွန်ုပ်တို့ကြောက် လန့်လျက်နေရကြပါ၏။ ဖိလိတ္တိအမျိုးသား တို့ကိုသွားရောက်တိုက်ခိုက်ပါမူ ပို၍ပင်အခြေ အနေဆိုးရွားပါလိမ့်မည်'' ဟုဆိုကြသဖြင့်၊-
4. ဒါဝိဒ်သည်ထာဝရဘုရားအားတစ်ဖန် လျှောက်ထားမေးမြန်းပြန်၏။ ထာဝရဘုရား က``ကိလမြို့သို့သွားရောက်တိုက်ခိုက်လော့။ ငါ သည်သင့်အားဖိလိတ္တိအမျိုးသားတို့အပေါ် တွင်အောင်ပွဲခံစေမည်'' ဟုမိန့်တော်မူ၏။-
5. ထို့ကြောင့်ဒါဝိဒ်နှင့်သူ၏အပေါင်းပါတို့သည် ကိလမြို့သို့သွား၍ ဖိလိတ္တိအမျိုးသားတို့ကို တိုက်ခိုက်ကြ၏။ သူတို့သည်လူအမြောက်အမြား ကိုသတ်ဖြတ်၍သိုးနွားများကိုသိမ်းယူကြ၏။ ဤသို့လျှင်ဒါဝိဒ်သည်ကိလမြို့ကိုကယ်တင် လေသည်။
6. အဟိမလက်၏သားအဗျာသာသည်ထွက် ပြေးလွတ်မြာက်ပြီးနောက် ကိလမြို့ရှိဒါဝိဒ် ထံသို့ဝင်ရောက်လာသောအခါ သူသည်မိမိ နှင့်အတူယဇ်ပုရောဟိတ်သင်တိုင်းကိုယူ ဆောင်လာခဲ့၏။
7. ကိလမြို့သို့ဒါဝိဒ်ရောက်ကြောင်းကိုရှောလု ကြားလျှင်``ထာဝရဘုရားသည်ဒါဝိဒ်အား ငါ၏လက်သို့အပ်တော်မူပြီ။ ဒါဝိဒ်သည်မြို့ ရိုးနှင့်မြို့တံခါးအခိုင်အမာရှိသည့်မြို့ထဲ သို့ရောက်ခြင်းအားဖြင့် ထောင်ချောက်တွင်း သို့သက်ဆင်းလေပြီ'' ဟုဆို၏။-
8. ထို့ကြောင့်ရှောလုသည်စစ်သည်တပ်သားများ အားဆင့်ခေါ်ပြီးလျှင် ကိလမြို့သို့ချီတက် ၍ဒါဝိဒ်နှင့်အပေါင်းပါတို့အားဝိုင်းရံရန် အမိန့်ပေးတော်မူ၏။
9. ဒါဝိဒ်သည်မိမိအား ရှောလုတိုက်ခိုက်ရန်ကြံ စည်လျက်နေကြောင်းကြားလျှင် ယဇ်ပုရော ဟိတ်အဗျာသာအား``သင်တိုင်းတော်ကိုယူ ဆောင်ခဲ့လော့'' ဟုဆို၏။-
10. ထိုနောက်ဒါဝိဒ်က``အို ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရား၊ ရှောလု သည်ကိုယ်တော်ရှင်၏အစေခံကျွန်တော်မျိုး ကြောင့်ကိလမြို့သို့လာရောက်၍ မြို့ကိုဖျက် ဆီးပစ်ရန်ကြံစည်လျက်ရှိကြောင်းကြားရ ပါ၏။-
11. ကိလမြို့သားတို့သည်ကျွန်တော်မျိုးအား ရှောလုလက်သို့ပေးအပ်ကြပါမည်လော။ ကျွန် တော်မျိုးကြားရသည့်အတိုင်း ရှောလုသည် အကယ်ပင်လာရောက်ပါမည်လော။ အို ဣသ ရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၊ ကျွန်တော်မျိုးအားဗျာ ဒိတ်ပေးသနားတော်မူပါ'' ဟုလျှောက်၏။ထာဝရဘုရားက``ရှောလုလာလိမ့်မည်'' ဟု ဖြေကြားတော်မူလျှင်၊
12. ဒါဝိဒ်က``ကိလမြို့သားတို့သည်ကျွန်တော် မျိုးနှင့်အပေါင်းပါတို့အားရှောလုလက်သို့ ပေးအပ်ကြမည်လော'' ဟုတစ်ဖန်မေးလျှောက် ပြန်၏။ထာဝရဘုရားက``ပေးအပ်ကြလိမ့်မည်'' ဟု ဖြေကြားတော်မူ၏။
13. ထို့ကြောင့်ဒါဝိဒ်နှင့်ခြောက်ရာခန့်ရှိသောအပေါင်း ပါတို့သည် ချက်ချင်းပင်ကိလမြို့မှထွက်၍သင့် ရာသို့ဆုတ်ခွာသွားကြ၏။ ကိလမြို့မှဒါဝိဒ် ထွက်ပြေးသွားကြောင်းရှောလုကြားသိသော အခါ မိမိ၏အကြံအစည်ကိုဖျက်သိမ်းလိုက် လေသည်။
14. ဒါဝိဒ်သည်ဇိဖတောကန္တာရရှိတောင်ထူ ထပ်သောအရပ်တွင်ပုန်းအောင်းလျက်နေ၏။ ရှောလုသည်သူ့အားအချိန်ရှိသမျှကြိုး စား၍ရှာဖွေသော်လည်း ဘုရားသခင်သည် ဒါဝိဒ်အားရှောလု၏လက်သို့ပေးအပ်တော် မမူ။-