1. ထာဝရဘုရားက၊``ကယ်တင်ခြင်းခံလိုသူတို့၊အကူအညီတောင်းခံရန်ငါ့ထံသို့လာရောက်သူတို့၊သင်တို့သည် ငါ့ပြောစကားကိုနားထောင်ကြလော့။သင်တို့ကိုထွင်းထုတ်ယူရာကျောက်ကို ကြည့်ရှုကြလော့။သင်တို့ကိုတူးဖော်ရာကျောက်တွင်းကို ကြည့်ရှုကြလော့။
2. သင်တို့၏ဘိုးအေအာဗြဟံနှင့်ဘွားအေစာရာတို့၏ အကြောင်းကိုအောက်မေ့ဆင်ခြင်ကြလော့။အာဗြဟံအားငါခေါ်ယူစဉ်အခါက သူ့မှာသားသမီးမရှိ။သို့ရာတွင်ငါသည်သူ့အားသားသမီးများဖြင့် ကောင်းချီးပေး၍၊သူ၏အဆက်အနွယ်တို့ကိုများပြားစေတော်မူ၏။
3. ``ငါသည်ဇိအုန်မြို့နှင့်ထိုမြို့၏ပျက်စီးယိုယွင်းလျက် ရှိသည့်အဆောက်အဦများတွင်နေထိုင်သူတို့အားကရုဏာပြမည်။ဇိအုန်ဒေသသည်တောကန္တာရပင်ဖြစ်သော်လည်းငါသည်ယင်းကိုဧဒင်အရပ်မှာကဲ့သို့ ထာဝရဘုရား၏ဥယျာဉ်ဖြစ်စေမည်။ထိုအရပ်တွင်လူတို့သည်ဝမ်းမြောက်ရွှင်လန်းလျက်၊ထောမနာသီချင်းဆိုလျက်၊ငါ၏ကျေးဇူးတော်ကို ချီးမွမ်းလျက်နေကြလိမ့်မည်။
4. ``အို ငါ၏လူမျိုးတော်၊ငါ့စကားကိုဂရုပြု ကြလော့။ငါပြောသည်ကိုနားထောင်ကြလော့။ငါသည်လူမျိုးတကာတို့အားဆုံးမ သြဝါဒပေး၍ငါ၏တရားဒေသနာများသည်သူတို့အတွက် အလင်းဖြစ်လိမ့်မည်။
5. ငါသည်လျင်မြန်စွာလာ၍သူတို့အားကယ်တင်မည်။ငါအောင်ပွဲခံရန်အချိန်သည်နီးကပ်၍လာလေပြီ။လူမျိုးတကာတို့အားငါကိုယ်တိုင်ပင် အုပ်စိုးတော်မူမည်။နိုင်ငံရပ်ခြားတိုင်းတစ်ပါးသားတို့သည် ငါလာမည်ကိုစောင့်မျှော်လျက်ရှိ၏။မိမိတို့အားကယ်တင်လိမ့်မည်ဟူသောမျှော်လင့်ချက်ဖြင့်၊သူတို့သည်ငါ့ကို စောင့်မျှော်လျက်နေကြ၏။
6. မိုးကောင်းကင်ကိုကြည့်ရှုကြလော့။ ကမ္ဘာမြေကြီးကိုလည်းကြည့်ရှုကြလော့။မိုးကောင်းကင်သည်မီးခိုးသဖွယ် ပျောက်ကွယ်၍သွားလိမ့်မည်။ကမ္ဘာမြေကြီးသည်ဟောင်းနွမ်းသည့်အဝတ်ကဲ့သို့ တဖြည်းဖြည်းပျက်ပြုန်းသွားလိမ့်မည်။ဤကမ္ဘာမြေကြီးသားအပေါင်းတို့သည်လည်း ယင်ကောင်ကဲ့သို့သေကြေပျက်စီးကြလိမ့်မည်။သို့ရာတွင်ငါ၏ကယ်တင်ခြင်းကျေးဇူးသည် အစဉ်အမြဲတည်လိမ့်မည်။ငါ၏အောင်မြင်မှုသည်လည်းအဘယ်အခါ၌မျှ ပျက်ပြယ်ရလိမ့်မည်မဟုတ်။
7. ``အမှန်တရားကိုသိရှိသူတို့၊ငါ၏သြဝါဒကို စွဲမြဲစွာမှတ်ကြုံးထားသူတို့၊သင်တို့သည်ငါပြောသည့်စကားကို နားထောင်ကြလော့။သင်တို့အားကရော်ကမည်ပြု၍၊လူတို့စော်ကား ပြောဆိုကြသောအခါမကြောက်ကြနှင့်။
8. ထိုသို့သောလူတို့သည်ပိုးကိုက်သည့်အဝတ် ကဲ့သို့ပျောက်ကွယ်၍သွားလိမ့်မည်။သို့ရာတွင်ငါ၏ဖြောင့်မတ်ခြင်းကားထာဝစဉ် တည်လိမ့်မည်။ငါ၏ကယ်တင်ခြင်းတန်ခိုးသည်လည်းကာလ အစဉ်အဆက်တည်လိမ့်မည်'' ဟုမိန့်တော်မူ၏။
9. အို ထာဝရဘုရား၊နိုးထတော်မူ၍ ကျွန်တော်မျိုးတို့အားကူမတော်မူပါ။ကိုယ်တော်ရှင်၏အစွမ်းတန်ခိုးတော်အားဖြင့် ကျွန်တော်မျိုးတို့အားကယ်တော်မူပါ။နိုးထတော်မူ၍ရှေးပဝေသဏီကာလ၌ ကဲ့သို့ပင် တန်ခိုးတော်ကိုအသုံးပြုတော်မူပါ။ပင်လယ်နဂါးကြီးရာခပ်အားအပိုင်းပိုင်းဖြတ်တော်မူသောသူကား ကိုယ်တော်ရှင်ပင်ဖြစ်ပါ၏။
10. မိမိကယ်တင်နေဆဲလူစုကူးဖြတ်နိုင်ရန် ပင်လယ်ကိုခန်းခြောက်စေ၍၊လမ်းဖောက်ပေးတော်မူသောသူကား ကိုယ်တော်ရှင်ပင်ဖြစ်ပါ၏။
11. ကိုယ်တော်ရှင်ကယ်ဆယ်တော်မူလိုက်သည့်သူတို့သည်အားရရွှင်လန်းစွာသီဆိုကြွေး ကြော်လျက်၊ ယေရုရှလင်မြို့သို့ရောက်ရှိလာကြပါလိမ့်မည်။သူတို့သည်ထာဝစဉ်ဝမ်းမြောက်ရွှင်လန်းရကြ၍၊ထာဝစဉ်ဝမ်းနည်းကြေကွဲမှုနှင့်ကင်းလွတ်ရကြ ပါလိမ့်မည်။