9. အကျဉ်းကျလျက်နေသူတို့အား`လွတ်လပ်စွာ ထွက်ခွာသွားကြလော့' ဟူ၍လည်းကောင်း၊မှောင်မိုက်တွင်ရှိနေသူတို့အား`အလင်းသို့ ဝင်ကြလော့' ဟူ၍လည်းကောင်းငါပြောမည်။သူတို့သည်တောင်ကုန်းများပေါ်တွင်ပင်ကျက်စားလျက်နေသော သိုးများနှင့်တူလိမ့်မည်။
10. သူတို့သည်အဘယ်အခါ၌မျှအစာရေစာ ငတ်မွတ် ရလိမ့်မည်မဟုတ်။သူတို့သည်မိမိတို့အားချစ်မြတ်နိုးတော် မူသော အရှင်၏လမ်းပြပို့ဆောင်မှုကိုခံယူ၍၊နေနှင့်သဲကန္တာရအပူရှိန်ကြောင့်ဘေး အန္တရာယ် ရောက်ရလိမ့်မည်မဟုတ်။ထိုအရှင်သည်သူတို့အားစမ်းရေတွင်းများ ရှိရာသို့ ပို့ဆောင်တော်မူလိမ့်မည်။
11. ``ငါသည်တောင်တန်းများကိုဖြတ်၍လမ်းမကြီး တစ်သွယ်ကိုဖောက်လုပ်မည်။ငါ၏လူမျိုးတော်အတွက်ခရီးလမ်းကို ပြင်ဆင်မည်။
12. ငါ၏လူမျိုးတော်သည်ရပ်ဝေးဒေသများမှ လည်းကောင်း၊ မြောက်အရပ်နှင့်အနောက်အရပ်မှလည်းကောင်း၊တောင်အရပ်ရှိသိနိမ်ပြည်မှလည်းကောင်း လာရောက်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
13. အို မိုးကောင်းကင်၊သီချင်းဆိုလော့။အို ကမ္ဘာမြေကြီး၊ ရွှင်လန်းဝမ်းမြောက်စွာ သီချင်းဆိုကြလော့။တောင်ရိုးတို့သည်အသံလွှင့်၍သီချင်းဆိုကြစေ။ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား နှစ်သိမ့်မှုကိုပေးတော်မူလိမ့်မည်။ကိုယ်တော်သည်ဆင်းရဲဒုက္ခရောက်လျက် ရှိသော မိမိ၏လူမျိုးတော်အားသနားတော်မူလိမ့်မည်။
14. သို့ရာတွင်ယေရုရှလင်မြို့သူမြို့သားတို့က``ထာဝရဘုရားသည်ငါတို့ကိုစွန့်ပစ်တော် မူပြီ။ကိုယ်တော်သည်ငါတို့အားမေ့လျော့တော်မူပါပြီ တကား'' ဟုဆိုကြ၏။
15. ထာဝရဘုရားက``မိခင်တစ်ဦးသည်မိမိ၏ရင်ခွင်မှရင် သွေးငယ်ကို မေ့လျော့နိုင်ပါမည်လော။မိမိကိုယ်ဝန်ဆောင်ခဲ့သောကလေးကိုမချစ်ဘဲ နေနိုင်ပါမည်လော။မိခင်ဖြစ်သူသည်ကလေးငယ်ကိုမေ့လျော့သည် ဆိုစေဦး၊ငါသည်သင်တို့ကိုအဘယ်အခါ၌မျှမေ့လျော့ လိမ့်မည်မဟုတ်။
16. အို ယေရုရှလင်မြို့၊ငါသည်သင့်ကိုအဘယ်အခါ ၌မျှ မမေ့မလျော့နိုင်။ငါ၏လက်ဝါးတွင်သင်၏နာမည်ကို ရေးမှတ်၍ထားလေပြီ။
17. ``သင့်ကိုပြန်လည်ထူထောင်ကြမည့်လူတို့သည် မကြာမီရောက်ရှိလာလိမ့်မည်။သင့်ကိုပျက်ပြုန်းစေခဲ့သောသူတို့မူကား ထွက်ခွာသွားရကြလိမ့်မည်။
18. သင်၏ပတ်ဝန်းကျင်တွင်အဘယ်သို့ဖြစ်ပျက် လျက် ရှိသည်ကိုလှည့်၍ကြည့်ပါလော့။သင်၏အမျိုးသားတို့သည်စုရုံးလျက် မိမိတို့ပြည်သို့ပြန်လာနေကြ၏။ငါသည်အသက်ရှင်တော်မူသည့်ဘုရား ဖြစ်တော်မူသည်နှင့်အညီ၊သင်သည်ကျောက်မျက်ရတနာများကို ဝတ်ဆင်ထားသည့်မင်္ဂလာဆောင်သတို့သမီးကဲ့သို့မိမိ၏အမျိုးသားများအတွက်ဂုဏ်ယူဝါကြွား ရလိမ့်မည်။
19. ``သင်၏ပြည်သည်ယိုယွင်းပျက်စီးကာလူသူ ဆိတ်ငြိမ်လျက်နေခဲ့၏။သို့ရာတွင်ယခုအခါလာရောက်နေထိုင်ကြမည့် သူများအတွက်ထိုပြည်သည်ကျဉ်းလျက်ပင်နေလိမ့်မည်။သင့်အားယိုယွင်းပျက်စီးစေသူတို့မူကား၊ ရပ်ဝေးသို့ရောက်ရှိနေကြလိမ့်မည်။
20. ပြည်နယ်ဒဏ်သင့်ရာတွင်မွေးဖွားခဲ့သည့်သင်၏အမျိုးသားတို့သည်တစ်နေ့သောအခါ၌ သင့်အား`ဤပြည်သည်ငယ်လွန်းပါ၏။ငါတို့နေထိုင်ရန်နေရာထပ်၍လိုပါသည်' ဟုဆိုကြလိမ့်မည်။
21. ထိုအခါသင်သည်မိမိကိုယ်ကိုပြန်၍၊`ငါသည်ဤသားသမီးများကိုအဘယ်သူနှင့် ရရှိပါသနည်း။ငါ၏သားသမီးများသည်သေဆုံးသွားပြီဖြစ်၍ ငါ့မှာသားသမီးမရှိနိုင်တော့ပါ။ငါသည်ရပ်ဝေးသို့ပြည်နှင်ဒဏ်သင့်၍ နှင်ထုတ်ခံခဲ့ရသဖြင့်ဤသားသမီးတို့ကိုအဘယ်သူကျွေးမွေးပြုစု ခဲ့ပါသနည်း။ငါသည်တစ်ကိုယ်တည်းသာလျှင်ကျန်ရှိခဲ့၏။ဤသားသမီးများကား၊အဘယ်အရပ်မှ ရောက်ရှိလာကြပါသနည်း'' ဟုမေးလိမ့်မည်။
22. ထာဝရအရှင်ဘုရားသခင်ကမိမိ၏ လူမျိုးတော်အား``ငါသည်လူမျိုးတကာတို့အားအချက် ပေးလိုက်သောအခါ၊သူတို့သည်သင်တို့၏သားသမီးများကို ခေါ်ဆောင်လာကြလိမ့်မည်။
23. ရှင်ဘုရင်များသည်သခင်သဖွယ်သင်တို့ကို စောင့်ရှောက်၍၊မိဖုရားများသည်လည်းမိခင်သဖွယ် ကျွေးမွေးပြုစုကြလိမ့်မည်။သူတို့သည်ဦးညွှတ်ပျပ်ဝပ်လျက် သင့်အားအလေးပြုကြလိမ့်မည်။ထိုအခါငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်းသင်တို့သိရှိကြလိမ့်မည်။ငါကူမတော်မူမည်ကိုစောင့်မျှော်သူမှန် သမျှသည် စိတ်ပျက်ရလိမ့်မည်မဟုတ်ဟုမိန့်တော်မူ၏။
24. ကိုယ်တော်ရှင်သည်စစ်သည်သူရဲထံမှသူ၏ လုရာပါ ပစ္စည်းကိုသိမ်းယူနိုင်ပါသလော။မင်းဆိုးမင်းညစ်၏လက်မှသုံ့ပန်းများကို ကယ်ဆယ်နိုင်ပါသလော။
25. ထာဝရဘုရားက၊``ယခုဖြစ်ပျက်မည့်အမှုအရာသည် ဤနည်းအတိုင်းပင်ဖြစ်၏။စစ်သည်သူရဲဖမ်းဆီးထားသည့်သုံ့ပန်းများကို ငါလွှတ်ပစ်မည်။မင်းဆိုးမင်းညစ်၏လုရာပါပစ္စည်းများကို ငါသိမ်းဆည်းမည်။ငါသည်သင့်ကိုတိုက်ခိုက်သူတို့အားတိုက်ခိုက်၍၊ သင်၏သားသမီးများကိုကယ်ဆယ်မည်။
26. ငါသည်သင့်ကိုနှိပ်စက်ညှဉ်းဆဲသူတို့အားအချင်းချင်းသတ်ဖြတ်စေမည်။ထိုအခါငါသည်သင်တို့ကိုကယ်တင်ရွေးနုတ် တော်မူသောအရှင်၊ထာဝရဘုရားဖြစ်တော်မူကြောင်းလူအပေါင်းတို့ သိရှိကြလိမ့်မည်။ငါသည်ဣသရေလအမျိုးသားတို့၏တန်ခိုး တော်ရှင် ဘုရားသခင်ဖြစ်တော်မူသည်ကိုသူတို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။