11. ``ငါသည်တောင်တန်းများကိုဖြတ်၍လမ်းမကြီး တစ်သွယ်ကိုဖောက်လုပ်မည်။ငါ၏လူမျိုးတော်အတွက်ခရီးလမ်းကို ပြင်ဆင်မည်။
12. ငါ၏လူမျိုးတော်သည်ရပ်ဝေးဒေသများမှ လည်းကောင်း၊ မြောက်အရပ်နှင့်အနောက်အရပ်မှလည်းကောင်း၊တောင်အရပ်ရှိသိနိမ်ပြည်မှလည်းကောင်း လာရောက်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
13. အို မိုးကောင်းကင်၊သီချင်းဆိုလော့။အို ကမ္ဘာမြေကြီး၊ ရွှင်လန်းဝမ်းမြောက်စွာ သီချင်းဆိုကြလော့။တောင်ရိုးတို့သည်အသံလွှင့်၍သီချင်းဆိုကြစေ။ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား နှစ်သိမ့်မှုကိုပေးတော်မူလိမ့်မည်။ကိုယ်တော်သည်ဆင်းရဲဒုက္ခရောက်လျက် ရှိသော မိမိ၏လူမျိုးတော်အားသနားတော်မူလိမ့်မည်။
14. သို့ရာတွင်ယေရုရှလင်မြို့သူမြို့သားတို့က``ထာဝရဘုရားသည်ငါတို့ကိုစွန့်ပစ်တော် မူပြီ။ကိုယ်တော်သည်ငါတို့အားမေ့လျော့တော်မူပါပြီ တကား'' ဟုဆိုကြ၏။
15. ထာဝရဘုရားက``မိခင်တစ်ဦးသည်မိမိ၏ရင်ခွင်မှရင် သွေးငယ်ကို မေ့လျော့နိုင်ပါမည်လော။မိမိကိုယ်ဝန်ဆောင်ခဲ့သောကလေးကိုမချစ်ဘဲ နေနိုင်ပါမည်လော။မိခင်ဖြစ်သူသည်ကလေးငယ်ကိုမေ့လျော့သည် ဆိုစေဦး၊ငါသည်သင်တို့ကိုအဘယ်အခါ၌မျှမေ့လျော့ လိမ့်မည်မဟုတ်။
16. အို ယေရုရှလင်မြို့၊ငါသည်သင့်ကိုအဘယ်အခါ ၌မျှ မမေ့မလျော့နိုင်။ငါ၏လက်ဝါးတွင်သင်၏နာမည်ကို ရေးမှတ်၍ထားလေပြီ။
17. ``သင့်ကိုပြန်လည်ထူထောင်ကြမည့်လူတို့သည် မကြာမီရောက်ရှိလာလိမ့်မည်။သင့်ကိုပျက်ပြုန်းစေခဲ့သောသူတို့မူကား ထွက်ခွာသွားရကြလိမ့်မည်။
18. သင်၏ပတ်ဝန်းကျင်တွင်အဘယ်သို့ဖြစ်ပျက် လျက် ရှိသည်ကိုလှည့်၍ကြည့်ပါလော့။သင်၏အမျိုးသားတို့သည်စုရုံးလျက် မိမိတို့ပြည်သို့ပြန်လာနေကြ၏။ငါသည်အသက်ရှင်တော်မူသည့်ဘုရား ဖြစ်တော်မူသည်နှင့်အညီ၊သင်သည်ကျောက်မျက်ရတနာများကို ဝတ်ဆင်ထားသည့်မင်္ဂလာဆောင်သတို့သမီးကဲ့သို့မိမိ၏အမျိုးသားများအတွက်ဂုဏ်ယူဝါကြွား ရလိမ့်မည်။
19. ``သင်၏ပြည်သည်ယိုယွင်းပျက်စီးကာလူသူ ဆိတ်ငြိမ်လျက်နေခဲ့၏။သို့ရာတွင်ယခုအခါလာရောက်နေထိုင်ကြမည့် သူများအတွက်ထိုပြည်သည်ကျဉ်းလျက်ပင်နေလိမ့်မည်။သင့်အားယိုယွင်းပျက်စီးစေသူတို့မူကား၊ ရပ်ဝေးသို့ရောက်ရှိနေကြလိမ့်မည်။
20. ပြည်နယ်ဒဏ်သင့်ရာတွင်မွေးဖွားခဲ့သည့်သင်၏အမျိုးသားတို့သည်တစ်နေ့သောအခါ၌ သင့်အား`ဤပြည်သည်ငယ်လွန်းပါ၏။ငါတို့နေထိုင်ရန်နေရာထပ်၍လိုပါသည်' ဟုဆိုကြလိမ့်မည်။
21. ထိုအခါသင်သည်မိမိကိုယ်ကိုပြန်၍၊`ငါသည်ဤသားသမီးများကိုအဘယ်သူနှင့် ရရှိပါသနည်း။ငါ၏သားသမီးများသည်သေဆုံးသွားပြီဖြစ်၍ ငါ့မှာသားသမီးမရှိနိုင်တော့ပါ။ငါသည်ရပ်ဝေးသို့ပြည်နှင်ဒဏ်သင့်၍ နှင်ထုတ်ခံခဲ့ရသဖြင့်ဤသားသမီးတို့ကိုအဘယ်သူကျွေးမွေးပြုစု ခဲ့ပါသနည်း။ငါသည်တစ်ကိုယ်တည်းသာလျှင်ကျန်ရှိခဲ့၏။ဤသားသမီးများကား၊အဘယ်အရပ်မှ ရောက်ရှိလာကြပါသနည်း'' ဟုမေးလိမ့်မည်။