11. ထိုရုပ်တုကိုဝတ်ပြုကိုးကွယ်သူမှန်သမျှ သည် ရှုတ်ချခြင်းကိုခံရလိမ့်မည်။ ရုပ်တုဆင်း တုများကိုသွန်းလုပ်သူတို့သည် သာမန်လူ သားများသာလျှင်ဖြစ်ပေသည်။ သူတို့သည် ငါ၏ရှေ့တော်သို့လာရောက်၍အစစ်အဆေး ခံကြပါလေစေ။ သူတို့သည်ထိတ်လန့် တုန်လှုပ်ကာအရှက်ကွဲရကြလိမ့်မည်။
12. ပန်းပဲသမားသည်သံကိုယူပြီးလျှင်မီးတွင် ဖုတ်၏။ ထိုနောက်မိမိ၏သန်မာသောလက်ရုံး ကိုလွှဲ၍သံတူနှင့်ထုကာပုံဖော်ပေး၏။ သူ သည်အစာရေစာမွတ်သိပ်၍မောပန်းတတ် သူဖြစ်၏။
13. ပန်းပုသမားသည်သစ်သားကိုတိုင်းတာပြီး လျှင် ရုပ်ပုံတစ်ခုကိုမြေဖြူနှင့်ရေးဆွဲ၍ မိမိ ၏တန်ဆာပလာများဖြင့်ထုလုပ်တတ်၏။ သူ သည်ဝတ်ပြုကိုးကွယ်ရာဌာနတွင်ထားရှိ ရန်အတွက် လှပသောလူရုပ်တစ်ခုကိုထု လုပ်လေသည်။-
14. သူသည်မိမိအသုံးပြုရန်အာရဇ်ပင်(သစ်ကတိုး) ကိုခုတ်လှဲရ၏။ တောမှဝက်သစ်ချသား၊ သို့မ ဟုတ်ထင်းရှူးသားကိုရွေးချယ်ရာ၏။ ထိုသို့ မဟုတ်သေးလျှင်လည်းသပိတ်ပင်ကိုစိုက်ပျိုး ကာအပင်ပေါက်၍ရင့်သန်လာစေရန်မိုး ကိုစောင့်မျှော်တတ်၏။-
15. လူသည်သစ်ပင်တစ်ပိုင်းကိုထင်းအဖြစ်ဖြင့် လည်းကောင်း၊ အခြားတစ်ပိုင်းကိုရုပ်တုထု လုပ်ရန်လည်းကောင်းအသုံးပြုတတ်၏။ သစ် ပင်တစ်ပိုင်းဖြင့်မီးလှုံရန်နှင့်မုန့်ဖုတ်ရန်မီး ကိုမွှေး၍အခြားတစ်ပိုင်းဖြင့် နတ်ဘုရား ရုပ်တုလုပ်ကာဝတ်ပြုကိုးကွယ်တတ်လေ သည်။-
16. သူသည်သစ်သားအချို့ဖြင့်မီးကိုမွှေးပြီး လျှင် အမဲသားကိုကင်၍စားကာရောင့်ရဲ လျက်နေတတ်၏။ သူသည်မီးလှုံလျက်နေ ရင်း``ယခုငါသည်ပူနွေး၍လာလေပြီ။ ဤမီးသည်အလွန်နှစ်သက်ဖွယ်ကောင်း ပါသည်တကား'' ဟုဆိုတတ်၏။-
17. ထိုနောက်သူသည်အခြားကျန်ရှိသောသစ် သားဖြင့်ရုပ်တုတစ်ခုကိုထုလုပ်ပြီးလျှင် ဦးချဝတ်ပြု၍ ထိုရုပ်တုအား``အရှင်သည် ကျွန်တော်မျိုး၏ဘုရားဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးအားကယ်မတော်မူပါ'' ဟု ဆုတောင်းပတ္ထနာပြုတတ်၏။
18. ဤသို့သောလူတို့သည်မိုက်မဲထုံထိုင်းလှ သဖြင့် မိမိတို့အဘယ်အမှုကိုပြုလျက် နေသည်ကိုပင်မသိကြ။ အမှန်တရားကို မမြင်မသိနိုင်ရန် မိမိတို့၏မျက်စိများ နှင့်စိတ်နှလုံးတံခါးများကိုပိတ်ထား ကြ၏။-
19. ``ငါသည်သစ်သားအချို့ကိုမီးဆိုက်လိုက် ၏။ မီးကျီးခဲများဖြင့်မုန့်ကိုဖုတ်ကာအမဲ သားကိုကင်၍စား၏။ ကျန်ရှိနေသောသစ် သားဖြင့်ရုပ်တုတစ်ခုကိုပြုလုပ်၏။ ယခု ငါသည်ထိုသစ်သားတုံး၏ရှေ့၌ဦးညွှတ် ပြပ်ဝပ်လျက်နေပါသည်တကား'' ဟုပြော ဆိုနိုင်လောက်အောင်ရုပ်တုထုလုပ်သူတွင် အသိအလိမ္မာဉာဏ်အမြော်အမြင်မရှိ။
20. သူပြုသောအမှုသည်မီးဖိုပြာကိုစားသ ကဲ့သို့ အနက်အဋ္ဌိပ္ပါယ်ကင်းမဲ့ပေ၏။ မိမိ ၏မိုက်မှားသောအတွေးအခေါ်များက သူ့ကိုလမ်းလွဲ၍နေစေ၏။ သို့ဖြစ်၍သူ့ အားကူညီပြုစုပေးရန်ပင်မဖြစ်နိုင် တော့ပေ။ သူသည်မိမိလက်တွင်ကိုင်ထား သည့်ရုပ်တုမှာဘုရားလုံးဝမဟုတ် ကြောင်းကိုမသိ။
21. ထာဝရဘုရားက``အို ဣသရေလအမျိုးသားတို့၊ဤအကြောင်းအရာများကို အောက်မေ့သတိရကြလော့။သင်တို့သည်ငါ၏အစေခံများဖြစ်သည် ကို အောက်မေ့သတိရကြလော့။သင်တို့အားငါ့၏အစေခံများအဖြစ်ဖြင့် ငါဖန်ဆင်းခဲ့၏။သို့ဖြစ်၍ငါသည်သင်တို့ကို အဘယ်အခါ၌မျှမေ့လျော့လိမ့်မည်မဟုတ်။
22. ငါသည်သင်တို့၏အပြစ်များကို မိုးတိမ်သဖွယ်လွင့်စင်သွားစေပြီ။ငါ့ထံသို့ပြန်လာကြလော့။ သင်တို့ကို ကယ်တင်သူကားငါပင်ဖြစ်၏။''