1. အီဂျစ်ပြည်သို့ယာကုပ်နှင့်အတူ သွားရောက်ကြသောယာကုပ်၏သားများမှာ၊-
2. ရုဗင်၊ ရှိမောင်၊ လေဝိ၊ ယုဒ၊-
3-4. ဣသခါ၊ ဇာဗုလုန်၊ ဗင်္ယာမိန်၊ ဒန်၊ နဿလိ၊ ဂဒ်၊ အာရှာတို့ဖြစ်ကြ၏။ သူတို့၏မိသားစုများလည်းလိုက်ပါသွားကြ၏။-
5. ဤသူတို့သည်ယာကုပ်မှတိုက်ရိုက်ဆင်းသက်၍ ဦးရေအားဖြင့်စုစုပေါင်းခုနစ်ဆယ်ရှိသတည်း။ ယောသပ်သည်အီဂျစ်ပြည်သို့ရောက်နှင့်ပြီးဖြစ်၏။-
6. အချိန်တန်သော်ယောသပ်နှင့်သူ၏ညီအစ်ကိုများနှင့်တကွ သူတို့၏ခေတ်ကဆွေမျိုးသားချင်းအပေါင်းတို့သည်ကွယ်လွန်ကြကုန်၏။-
7. သို့ရာတွင်ဣသရေလအမျိုးသားတို့သည်သားသမီးမြောက်မြားစွာမွေးဖွား၍ အလွန်တိုးပွားများပြားလာသဖြင့်၊ တစ်တိုင်းတစ်ပြည်လုံးတွင်အနှံ့အပြားနေထိုင်ကြလေသည်။
8. ထိုနောက်အီဂျစ်ပြည်တွင် ယောသပ်အကြောင်းကိုလုံးဝမကြားဘူးသောဘုရင်တစ်ပါးနန်းတက်လာလေ၏။-
9. ထိုဘုရင်ကသူ၏ပြည်သားတို့အား``ဤဣသရေလအမျိုးသားတို့သည် လူဦးရေအလွန်များပြား၍အင်အားကြီးမားလာသဖြင့် ငါတို့အားအန္တရာယ်ပြုနိုင်၏။-
10. သူတို့၏လူဦးရေယခုထက်မတိုးပွားလာစေရန် လိမ္မာစွာငါတို့ပြုရကြမည်။ အကယ်၍စစ်မက်ဖြစ်ပွားလာလျှင် သူတို့သည်ငါတို့၏တစ်ဘက်ရန်သူနှင့်ပူးပေါင်း၍ငါတို့ကိုတိုက်ခိုက်ပြီးလျှင် တိုင်းပြည်မှထွက်ပြေးကြလိမ့်မည်'' ဟုမိန့်ကြားလေ၏။-