1. ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူ၏။ လူတို့သည်ကြောက်လန့်တုန်လှုပ်ကြကုန်၏။ကိုယ်တော်သည်ခေရုဗိမ်တို့အထက်စံတော် မူ၏။ ကမ္ဘာမြေကြီးသည်တုန်လှုပ်လေ၏။
2. ဇိအုန်တောင်ပေါ်မှာထာဝရဘုရားသည် တန်ခိုးကြီးတော်မူ၏။ကိုယ်တော်သည်လူမျိုးတကာတို့ကို အစိုးရတော်မူ၏။
3. လူအပေါင်းတို့သည်ကိုယ်တော်၏ကြီးမြတ်ကြောက်ရွံ့ဖွယ်ကောင်းသောနာမ တော်ကို ထောမနာပြုကြလိမ့်မည်။ကိုယ်တော်သည်သန့်ရှင်းမြင့်မြတ်တော်မူ၏။
4. တန်ခိုးကြီးတော်မူသောဘုရင်မင်းမြတ်၊ကိုယ်တော်သည်အမှန်တရားကို မြတ်နိုးနှစ်သက်တော်မူပါ၏။ကိုယ်တော်သည်ဣသရေလနိုင်ငံတွင် တရားမျှတမှုစိုးမိုးစေတော်မူပါပြီ။အမှန်တရားနှင့်တရားမျှတမှုကို တည်မြဲစေတော်မူပါပြီ။
5. ငါတို့၏ဘုရားသခင်ထာဝရဘုရားအား ထောမနာပြုကြလော့။ကိုယ်တော်၏ရာဇပလ္လင်တော်ရှေ့၌ ပျပ်ဝပ်ကိုးကွယ်ကြလော့။ကိုယ်တော်သည်သန့်ရှင်းမြင့်မြတ်တော် မူ၏။
6. မောရှေနှင့်အာရုန်တို့သည်ကိုယ်တော်၏ ယဇ်ပုရောဟိတ်များဖြစ်ကြ၏။ရှမွေလသည်လည်းကိုယ်တော်အားဆုတောင်း ပတ္ထနာပြုသူတစ်ဦးဖြစ်ပေသည်။သူတို့သည်ထာဝရဘုရားအားဆုတောင်းပတ္ထနာပြုသောအခါကိုယ်တော် သည် နားညောင်းတော်မူ၏။
7. သူတို့အားကိုယ်တော်သည်မိုးတိမ်တိုက်ထဲက မိန့်မှာတော်မူ၏။သူတို့သည်လည်းကိုယ်တော်ပေးတော်မူသောတရားတော်နှင့်ပညတ်တော်တို့ကို လိုက်နာစောင့်ထိန်းကြ၏။
8. အို ကျွန်တော်မျိုးတို့၏ဘုရားသခင်ထာဝရ ဘုရား၊ကိုယ်တော်ရှင်သည်မိမိ၏လူစုတော်ခေါ်သော အခါ ထူးတော်မူပါ၏။ထိုသူတို့ပြုသည့်အပြစ်များအတွက် ဒဏ်ခတ်တော်မူသော်လည်းသူတို့၏အပြစ်များကိုဖြေလွှတ်တော်မူသော ဘုရားဖြစ်တော်မူပါ၏။
9. ငါတို့၏ဘုရားသခင်ထာဝရဘုရားအား ထောမနာပြုကြလော့။သန့်ရှင်းမြင့်မြတ်သည့်တောင်တော်ပေါ်တွင် ကိုးကွယ်ဝတ်ပြုကြလော့။ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် သန့်ရှင်းမြင့်မြတ်တော်မူ၏။