1. ငါတို့ဘက်မှကာကွယ်တော်မူသောအရှင် တည်းဟူသောဘုရားသခင်အားဝမ်းမြောက်စွာသီချင်းဆိုကြလော့။ယာကုပ်၏ဘုရားအားထောမနာသီချင်းဆို ကြလော့။
2. သီဆိုတီးမှုတ်မှုကိုအစပြုကြလော့။ စောင်း ကြီး စောင်းငယ်တို့ကိုသာယာစွာတီးကြလော့။
3. လဆန်းနေ့နှင့်လပြည့်နေ့တွင်ပွဲသဘင်ကျင်းပရန်အတွက်တံပိုးခရာမှုတ်ကြ လော့။
4. ဤသို့ပွဲသဘင်ကျင်းပရန်ဣသရေလ အမျိုးသားတို့၌ဥပဒေရှိပေသည်။ယာကုပ်၏ဘုရားသခင်ပေးတော်မူသော အမိန့်တော်လည်းဖြစ်ပေသည်။
5. ကိုယ်တော်သည်အီဂျစ်ပြည်ကိုတိုက်ခိုက်တော် မူစဉ်ကယင်းအမိန့်ကိုဣသရေလအမျိုးသားတို့အား ပေးတော်မူ၏။မသိမကျွမ်းသောအသံကိုငါကြားရ၏။
6. ထိုအသံက``သင်တို့၏ပခုံးထက်မှလေးလံ သော ဝန်ထုပ်ကိုငါယူပစ်လျက်သင်တို့အုတ်သယ်သည့်ခြင်းတောင်းများကို ချထားစေ၏။
7. သင်တို့သည်ဒုက္ခရောက်စဉ်အခါ၌ ငါ့ကိုအော်ဟစ်သောအခါငါသည်သင်တို့အားကယ်ခဲ့၏။မိုးသက်မုန်တိုင်းအတွင်းမမြင်နိုင်သောအရပ် မှနေ၍ သင်တို့အားငါဖြေကြားခဲ့၏။မေရိဘစမ်းရေအနီးတွင်သင်တို့အားငါ သွေးစမ်းခဲ့၏။
8. ငါ၏လူစုတော်တို့၊ငါသတိပေးသည်ကို နားထောင်စေချင်စမ်းပါဘိ။ဣသရေလအမျိုးသားတို့၊သင်တို့သည်ငါ့ စကားကို နားထောင်ကြလော့။
9. သင်တို့သည်အခြားသောဘုရားကိုအဘယ် အခါ၌မျှ မကိုးကွယ်ရ။
10. ငါသည်သင်တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင် ခဲ့သော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။သင်တို့ခံတွင်းကိုဖွင့်ဟကြလော့။ ငါသည်သင်တို့အားကျွေးမွေးမည်။
11. သို့ရာတွင်ငါ၏လူစုတော်ကားငါ့စကားကို နားမထောင်ကြ။ဣသရေလအမျိုးသားတို့သည်ငါ့အမိန့်ကို မနာခံကြ။
12. သို့ဖြစ်၍ငါသည်သူတို့အားခေါင်းမာမြဲမာ စေရန်နှင့်သူတို့အလိုအတိုင်းပြုကျင့်စေရန်အခွင့်ပေး၏။
13. ငါ၏လူစုတော်သည်ငါ့စကားကို နားထောင်စေချင်စမ်းပါဘိ။ငါ့အမိန့်ကိုနာခံစေချင်စမ်းပါဘိ။
14. သို့ဖြစ်လျှင်ငါသည်သူတို့၏ရန်သူများကို အလျင်အမြန်အရေးရှုံးနိမ့်စေမည်။သူတို့၏ရန်ဘက်အားလုံးကိုနှိမ်နင်းမည်။
15. ငါ့ကိုမုန်းသောသူတို့သည်ငါ့ရှေ့၌ ကြောက်ရွံ့ပျပ်ဝပ်ကြလိမ့်မည်။သူတို့သည်ထာဝရအပြစ်ဒဏ်ခံရကြ လိမ့်မည်။
16. ငါသည်သင်တို့အားအကောင်းဆုံးဂျုံဆန်ကို ကျွေးမွေး၍တောပျားရည်ကိုသုံးဆောင်စေမည်'' ဟုဆို၏။