39. ထိုသူတို့ကားလူသားများသာဖြစ်ကြောင်း၊ အနီးမှဖြတ်၍တိုက်ကာပျောက်ကွယ်သွားတတ်သောလေကဲ့သို့ ဖြစ်ကြောင်းကိုသတိရတော်မူ၏။
40. သူတို့သည်တောကန္တာရတွင်ကြိမ်ဖန်များစွာ ကိုယ်တော်အားပုန်ကန်ခဲ့ကြ၏။ကြိမ်ဖန်များစွာကိုယ်တော်အားစိတ်မချမ်းမသာ ဖြစ်စေခဲ့ကြပါသည်တကား။
41. သူတို့သည်အဖန်တလဲလဲဘုရားသခင်အားသွေးစမ်းလျက်ဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်တော်မူသောဘုရား၏အမျက်တော်ကိုလှုံ့ဆော်ကြ၏။
42-43. သူတို့သည်ကိုယ်တော်၌မဟာတန်ခိုးတော် ရှိတော်မူကြောင်းကိုလည်းကောင်းမိမိတို့အားရန်သူတို့လက်မှကိုယ်တော်ကယ်တော်မူခဲ့သောအချိန် ကာလကိုလည်းကောင်း၊အီဂျစ်ပြည်ဇောနလွင်ပြင်တွင်အံ့သြဖွယ် အမှုအရာများနှင့်ထူးဆန်းသောနိမိတ်လက္ခဏာများကိုပြ တော်မူ ခဲ့ကြောင်းကိုလည်းကောင်းသတိမရကြ။
44. အီဂျစ်ပြည်သူပြည်သားတို့မသောက်မသုံး နိုင်ကြစေရန်ချောင်းများမြစ်များမှရေတို့ကိုကိုယ်တော် သည် သွေးအဖြစ်သို့ပြောင်းလဲစေတော်မူ၏။
45. ကိုယ်တော်သည်သူတို့အားအတိဒုက္ခပေးသည့် ယင်ရဲများကိုလည်းကောင်း၊သူတို့၏လယ်ယာများကိုဖျက်ဆီးကြသည့်ဖားများကိုလည်းကောင်းသူတို့ထံသို့စေ လွှတ်တော်မူ၏။
46. သူတို့၏ကောက်ပဲသီးနှံများကိုစားပစ်ရန်နှင့်လယ်ယာများကိုဖျက်ဆီးပစ်ရန်နှံကောင်များကို စေလွှတ်တော်မူ၏။
47. သူတို့၏စပျစ်နွယ်များကိုမိုးသီးအားဖြင့် လည်းကောင်း၊သဖန်းပင်များကိုဆီးနှင်းခဲအားဖြင့်လည်းကောင်း ဖျက်ဆီးပစ်တော်မူ၏။
48. သူတို့၏ကျွဲနွားတိရစ္ဆာန်များကို မိုးသီးအားဖြင့်လည်းကောင်း၊သိုးအုပ်ဆိတ်အုပ်များကိုမိုးကြိုး အားဖြင့်လည်းကောင်းဖျက်ဆီးပစ်တော်မူ၏။
49. ကိုယ်တော်သည်သူတို့အားပြင်းထန်သော အမျက်တော်ထွက်တော်မူ၏။အမျက်တော်သည်သေမင်း၏တမန်များသဖွယ် သူတို့အားဒဏ်ခတ်တော်မူ၏။
50. ကိုယ်တော်သည်အမျက်တော်ကိုချုပ်တည်းတော်မမူ။ထိုသူတို့၏အသက်ကိုလည်းချမ်းသာပေး တော်မမူ။သူတို့အားကပ်ရောဂါအားဖြင့်သေကြေပျက်စီး စေတော်မူ၏။
51. ကိုယ်တော်သည်အီဂျစ်ပြည်ရှိအိမ်ထောင်စုအပေါင်းမှ သားဦးတို့ကိုသေစေတော်မူ၏။
52. ထိုနောက်ကိုယ်တော်သည်မိမိ၏လူစုတော်ကိုသိုးထိန်းသဖွယ်ရှေ့ဆောင်ကာတောကန္တာရကို ဖြတ်၍ပို့ဆောင်တော်မူ၏။
53. ကိုယ်တော်သည်သူတို့အားဘေးမဲ့လုံခြုံစွာပို့ဆောင်တော်မူသည်ဖြစ်၍သူတို့သည် မကြောက်မလန့်ကြ။သို့ရာတွင်ပင်လယ်ရေသည်သူတို့၏ရန်သူများကို လွှမ်းမိုးလေ၏။
54. ကိုယ်တော်သည်သူတို့အားမိမိ၏သန့်ရှင်း မြင့်မြတ်သည့်ပြည်တော်သို့လည်းကောင်း၊ကိုယ်တော်တိုင်သိမ်းပိုက်တော်မူခဲ့သည့်တောင်တော်သို့လည်းကောင်းပို့ဆောင်တော် မူ၏။
55. မိမိ၏လူစုတော်ရှေ့သို့ချီတက်လာကြသောအခါချဉ်းနင်းဝင်ရောက်မည့်ပြည်၌နေထိုင်ကြသူတို့ကို နှင်ထုတ်တော်မူ၏။ဣသရေလအနွယ်တို့အားထိုပြည်ကိုခွဲဝေ သတ်မှတ် ပေးတော်မူပြီးလျှင်ထိုအရပ်အသီးသီးတွင်အတည်တကျ နေထိုင်စေတော်မူ၏။