1. ငါသည်ဘုရားသခင်ထံတော်သို့ကျယ်စွာ အော်ဟစ်၏။ငါသည်ကျယ်စွာအော်ဟစ်သဖြင့် ကိုယ်တော်ကြားတော်မူ၏။
2. ဒုက္ခရောက်ချိန်၌ငါသည်ထာဝရဘုရား ထံတော်သို့ ဆုတောင်းပတ္ထနာပြု၏။တစ်ညလုံးလက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြု၏။ သို့ရာတွင်စိတ်သက်သာရာမရနိုင်ပါ။
3. ငါသည်ဘုရားသခင်အကြောင်းကိုအောက်မေ့ ဆင်ခြင်သောအခါသက်ပြင်းချရ၏။လေးနက်စွာတွေးတောသောအခါငါသည် စိတ်ပျက်အားငယ်ရ၏။
4. ကိုယ်တော်သည်ငါ့အားတစ်ညလုံးအိပ်ပျော်ခွင့်ကို ပေးတော်မမူပါ။ငါသည်ပူပင်သောကရောက်ရလွန်းသဖြင့် စကားပင်မပြောနိုင်ပါ။
5. ငါသည်ကုန်လွန်သွားသည့်နေ့ရက်များအကြောင်း ကိုစဉ်းစား၍လွန်လေပြီးသည့်နှစ်များကို အောက်မေ့သတိရပါ၏။
6. တစ်ညလုံးငါသည်ဆင်ခြင်စဉ်းစားလျက်နေစဉ်၊
7. ဤသို့မိမိကိုယ်ကိုမေး၏။``ဘုရားရှင်သည်ငါတို့ကိုအစဉ်အမြဲ စွန့်ပစ်တော်မူမည်လော။ကိုယ်တော်သည်ငါတို့အားအဘယ်အခါ၌မှ ပြန်၍နှစ်သက်တော်မမူတော့ပြီလော။
8. ကိုယ်တော်သည်ငါတို့ကိုချစ်တော်မမူတော့ ပြီလော။ ကတိတော်သည်လည်းပျက်လေပြီလော။
9. ဘုရားသခင်သည်သနားကြင်နာရန် မေ့လျော့တော်မူပြီလော။ကရုဏာတော်အစားအမျက်တော်ကို ပြတော်မူပြီလော။''
10. ထို့နောက်``ဘုရားသခင်၌တန်ခိုးမရှိတော့ သဖြင့်ငါ့အတွက်အနာကြည်းဆုံးဖြစ်သည်'' ဟု ငါပြောဆိုနေမိ၏။
11. အို ထာဝရဘုရား၊ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ပြုတော်မူသောထူးမြတ်သည့်အမှုအရာတို့ကိုအောက်မေ့ သတိရပါမည်။အတိတ်ကာလ၌ကိုယ်တော်ရှင်ပြုတော်မူခဲ့သော အံ့သြဖွယ်ရာတို့ကိုပြန်လည်သတိရပါမည်။