9. ကျွန်တော်မျိုးတို့၏ဘာသာတရားဆိုင်ရာ အမှတ်အသားများအားလုံးပင်မရှိတော့ပါ။ပရောဖက်များလည်းမရှိတော့ပါ။အဘယ်မျှကြာအောင်ဤသို့ဖြစ်နေမည်ကို အဘယ်သူမျှမသိပါ။
10. အို ဘုရားသခင်၊ ရန်သူများသည်အဘယ်ကာလတိုင်အောင်ကိုယ်တော်ရှင်အားပြောင်လှောင်လျက် နေကြပါမည်နည်း။သူတို့သည်ကိုယ်တော်ရှင်၏နာမတော်ကို အစဉ်အမြဲ စော်ကားကြပါမည်လော။
11. အဘယ်ကြောင့်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အားကူမရန် ငြင်းဆန်တော်မူပါသနည်း။အဘယ်ကြောင့်လက်ပိုက်၍နေတော်မူပါ သနည်း။
12. သို့သော် အို ဘုရားသခင်၊ကိုယ်တော်ရှင်သည်အစမူလကတည်းကပင်လျှင် ကျွန်တော်မျိုးတို့၏ဘုရင်ဖြစ်တော်မူပါ၏။ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့ကို အကြိမ်ပေါင်းများစွာကယ်တော်မူခဲ့ပါပြီ။
13. ကိုယ်တော်ရှင်သည်မဟာတန်ခိုးတော်ဖြင့် ပင်လယ်ကိုနှစ်ခြမ်းကွဲစေ၍ရေသူရဲတို့၏ဦးခေါင်းများကိုခွဲတော်မူ ပါ၏။
14. ကိုယ်တော်ရှင်သည်ရေနဂါးကြီးလေဝိသန် ၏ ဦးခေါင်းများကိုချေမှုန်းတော်မူ၍အသေကောင်ကိုတောကန္တာရရှိသားရဲ တိရစ္ဆာန်တို့အားစားရန်ပေးအပ်တော်မူ ပါ၏။
15. ကိုယ်တော်ရှင်သည်ချောင်းရေနှင့်စမ်းရေကို ပေါက်စေတော်မူ၍မြစ်ကြီးများကိုခန်းခြောက်စေတော်မူပါ၏။
16. နေ့နှင့်ညကိုဖန်ဆင်းတော်မူ၍နေနှင့်လကို နေရာချတော်မူပါ၏။
17. ကိုယ်တော်ရှင်သည်ကမ္ဘာမြေကြီး၏နယ် နိမိတ်ကိုသတ်မှတ်တော်မူ၍နွေဥတုနှင့်ဆောင်းဥတုကို ဖန်ဆင်းတော်မူပါ၏။
18. သို့ရာတွင် အို ထာဝရဘုရား၊ကိုယ်တော်ရှင်၏ရန်သူတို့သည်ကိုယ်တော်ရှင် အား ပြက်ရယ်ပြုကြသည်ကိုလည်းကောင်း၊သူတို့သည်ဘုရားမဲ့၍ကိုယ်တော်ရှင်အား မထီမဲ့မြင် ပြုကြသည်ကိုလည်းကောင်းသတိရတော်မူပါ။
19. ကိုယ်တော်ရှင်၏ခိုကိုးရာမဲ့သည့်လူစုတော်အားရက်စက်ကြမ်းကြုတ်သောရန်သူများ၏ လက်တွင် စွန့်ပစ်ထားတော်မမူပါနှင့်။နှိပ်စက်ညှဉ်းဆဲခြင်းခံနေရသောကိုယ်တော် ရှင်၏ လူစုတော်အားမေ့လျော့တော်မမူပါနှင့်။