1. လူအပေါင်းတို့၊ထာဝရဘုရားအားဝမ်းမြောက်စွာ အော်ဟစ်၍ထောမနာပြုကြလော့။
2. ဘုန်းအသရေရှိတော်မူသောနာမတော် အကြောင်းကို သီချင်းဆိုကြလော့။ကိုယ်တော်၏ဘုန်းအသရေတော်ကို ထောမနာပြုကြလော့။
3. ``ကိုယ်တော်ရှင်ပြုတော်မူသောအမှုတို့သည် အလွန်အံ့သြဖွယ်ကောင်းလှပါသည်တကား။ကိုယ်တော်ရှင်၏တန်ခိုးတော်သည်ကြီးမားလှသည်ဖြစ်၍ရန်သူတို့သည်ရှေ့တော်တွင် ကြောက်ရွံ့ဝပ်တွားကြပါ၏။
4. ကမ္ဘာမြေကြီးပေါ်ရှိလူအပေါင်းတို့သည် ကိုယ်တော်ရှင်ကိုရှိခိုးဝတ်ပြုကြပါ၏။သူတို့သည်ကိုယ်တော်ရှင်အားထောမနာပြု ကြပါ၏။ကိုယ်တော်ရှင်၏နာမတော်အားထောမနာသီချင်းဆိုကြပါ၏'' ဟု ဘုရားသခင်အားလျှောက်ထားကြလော့။
5. ဘုရားသခင်ပြုတော်မူသောအမှုအရာများ၊လူတို့တွင်ကိုယ်တော်ပြုတော်မူသောအံ့သြ ဖွယ်ရာ အမှုများကိုလာ၍ကြည့်ကြလော့။
6. ကိုယ်တော်သည်ပင်လယ်ကိုကုန်းမြေအဖြစ်သို့ ပြောင်းလဲစေတော်မူသဖြင့်ငါတို့ဘိုးဘေးများသည်မြစ်ကို ခြေလျင်ဖြတ်ကူးခဲ့ကြ၏။ထိုအခါကိုယ်တော်ပြုတော်မူသောအမှုအရာအတွက်ငါတို့သည် ရွှင်လန်းဝမ်းမြောက်ခဲ့ကြ၏။
7. ကိုယ်တော်သည်ဘုန်းအာနုဘော်တော်အားဖြင့် အစဉ်အမြဲအုပ်စိုးတော်မူ၍လူမျိုးတကာတို့၏ခြေလှမ်းကိုကြည့်လျက် နေတော်မူ၏။အဘယ်သူမျှကိုယ်တော်အားမပုန်ကန်ပါစေနှင့်။
8. လူမျိုးအပေါင်းတို့၊ငါတို့၏ဘုရားအား ထောမနာပြုကြလော့။သင်တို့၏ထောမနာသံကိုကြားပါစေ။
9. ကိုယ်တော်သည်ငါတို့အားမသေစေဘဲ အသက်ချမ်းသာပေးတော်မူခဲ့ပါ၏။ငါတို့အားပြိုလဲစေတော်မမူခဲ့ပါ။
10. အို ဘုရားသခင်၊ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား စစ်ဆေးတော်မူပါပြီ။ငွေကိုမီးဖြင့်ချွတ်သကဲ့သို့ကျွန်တော်မျိုး တို့အား စစ်ဆေးတော်မူပါပြီ။