9. အို ဘုရားရှင်၊ကျွန်တော်မျိုး၏ရန်သူများပြောဆိုသည့် စကားများကိုရှုပ်ထွေးစေတော်မူပါ။မြို့တွင်း၌အကြမ်းဖက်မှုနှင့်လုယက်မှုတို့ကို ကျွန်တော်မျိုးမြင်ပါ၏။
10. ထိုသူတို့သည်မြို့ကိုနေ့ညမပြတ်ဝိုင်းရံထား ကြပါ၏။မြို့ထဲတွင်ရာဇဝတ်မှု၊နှောင့်ယှက်မှုများနှင့် ပြည့်နှက်လျက်ရှိပါ၏။
11. နေရာတကာတွင်အပျက်အစီးများရှိနေပါ၏။လမ်းများ၌နှိပ်စက်ညှဉ်းဆဲမှု၊လိမ်လည် လှည့်စားမှုများနှင့်ပြည့်နှက်လျက်ရှိပါ၏။
12. အကယ်၍ငါ့အားပြောင်လှောင်သူသည်ငါ၏ရန်သူဖြစ်ခဲ့သော်ငါသည်သည်းခံနိုင် ပါ၏။ငါ့ကိုအကြောင်းပြု၍ကြွားဝါသောရန်ဘက် ဖြစ်ခဲ့သော် ငါသည်သူ့ကိုရှောင်ရှားနိုင်၏။
13. သို့ရာတွင်ယင်းသို့ပြုသူမှာငါ၏အပေါင်းအဖော်၊ လုပ်ဖော်ဆောင်ဘက်၊ရင်းနှီးသည့်မိတ်ဆွေဖြစ်သူပင်ဖြစ်ပါသည်တကား။
14. သင်နှင့်ငါသည်ရင်းနှီးစွာဆွေးနွေးတိုင်ပင်ခဲ့ကြ၏။ဗိမာန်တော်တွင်လည်းအတူတူ ကိုးကွယ်ဝတ်ပြုခဲ့ကြ၏။
15. ငါ၏ရန်သူများသည်သေနေ့မစေ့မီ သေရကြပါစေသော။အရှင်လတ်လတ်သေရွာသို့သွားရကြပါစေသော။သူတို့၏နေအိမ်များသည်ဆိုးညစ်မှုကြီးစိုးရာ ဌာနများဖြစ်ကြ၏။သူတို့၏စိတ်နှလုံးသည်ဆိုးညစ်မှုနှင့် ပြည့်နှက်လျက်ရှိ၏။
16. ငါမူကားထာဝရဘုရား၏ထံတော်သို့ ကူမတော်မူရန်ဆုတောင်းပတ္ထနာပြု၏။ကိုယ်တော်သည်ငါ့ကိုကယ်တော်မူလိမ့်မည်။
17. ငါ၏ညည်းတွားမြည်တမ်းသံများသည်နံနက်ချိန်၊ မွန်းတည့်ချိန်၊ညဥ့်အချိန်တို့၌အထံတော်သို့ရောက်သဖြင့်ကိုယ်တော်သည် ကြားတော်မူလိမ့်မည်။
18. ဤမျှများလှသောရန်သူတို့နှင့်တိုက်ခိုက်ရာစစ်ပွဲများမှငါ့အားဘေးမဲ့လုံခြုံစွာ ပြန်လာစေတော်မူလိမ့်မည်။
19. ရှေးကမ္ဘာအဆက်ဆက်မှစ၍ လူသတ္တဝါအပေါင်းတို့အားပိုင်သအုပ်စိုးတော်မူသောဘုရားသခင်သည်ငါ၏ပတ္ထနာစကားကိုကြား၍ရန်သူတို့အား အရေးရှုံးနိမ့်စေတော်မူလိမ့်မည်။အဘယ်ကြောင့်ဆိုသော်သူတို့သည်စိတ်နှလုံး ပြောင်းလဲမှုမရှိကြ။ကိုယ်တော်ကိုလည်းမကြောက်ရွံ့ကြသောကြောင့် ဖြစ်၏။
20. ငါ၏မိတ်ဆွေဟောင်းသည်မိမိ၏မိတ်ဆွေများကို တိုက်ခိုက်၍မိမိ၏ကတိကိုလည်းဖျက်၏။
21. သူ၏စကားတို့သည်ထောပတ်ထက်ပင် ချောမွတ်သော်လည်းသူ၏စိတ်နှလုံးထဲ၌မူကား မုန်းတီးတတ်သောသဘောရှိ၏။သူ၏စကားတို့သည်ဆီကဲ့သို့ပျော့ပျောင်း သော်လည်း ထက်သောဋ္ဌားကဲ့သို့ထိခိုက်နာကြင်စေတတ်၏။