1. အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်မင်းကြီးအားခွန်အားစွမ်း ရည်ကို ပေးတော်မူသဖြင့်သူသည်ဝမ်းမြောက်ပါ၏။ကိုယ်တော်ရှင်သည်စစ်ပွဲကိုအောင်စေတော်မူ သဖြင့် သူသည်အလွန်အားရရွှင်လန်းပါ၏။
2. ကိုယ်တော်ရှင်သည်သူလိုလားတောင့်တသည့် အရာကိုပေးတော်မူပြီ။သူ၏ဆုတောင်းပတ္ထနာကိုနားညောင်းတော် မူပြီ။
3. ကိုယ်တော်ရှင်သည်သူ့အားမွန်မြတ်သော ကောင်းချီးမင်္ဂလာများကိုချပေးတော်မူပြီ။သူ့အားရွှေသရဖူကိုဆောင်းစေတော်မူပြီ။
4. သူသည်အသက်ကိုတောင်းခံ၍ကိုယ်တော်ရှင်သည် သူ့အားအသက်ကိုပေးတော်မူသည်သာမကရှည်၍မကုန်မဆုံးနိုင်သောအသက်ကို ပေးတော်မူပြီ။
5. ကိုယ်တော်ရှင်ကယ်မတော်မူသဖြင့်မင်းကြီးသည် ဘုန်းအသရေထွန်းတောက်ရပါ၏။ကိုယ်တော်သည်သူ့အားကျော်စောကိတ္တိနှင့် ခန့်ညားတင့်တယ်ခြင်းကိုပေးတော်မူပြီ။
6. ကိုယ်တော်ရှင်၏ကောင်းချီးမင်္ဂလာများသည် သူ၏အပေါ်သို့အစဉ်သက်ရောက်လျက် ရှိပါ၏။သူ၏အနီးတွင်ကိုယ်တော်ရှိတော်မူသည် ဖြစ်၍ သူသည်ရွှင်လန်းဝမ်းမြောက်ပါ၏။
7. မင်းကြီးသည်အနန္တတန်ခိုးရှင်ထာဝရဘုရား ကို ယုံကြည်ကိုးစားပါ၏။ထာဝရဘုရား၏ခိုင်မြဲသောမေတ္တာကြောင့် သူသည် ဘေးမဲ့လုံခြုံတော်မူပါလိမ့်မည်။
8. မင်းကြီးသည်မိမိ၏ရန်သူအပေါင်းကို ဖမ်းဆီးတော်မူလိမ့်မည်။ကိုယ်တော်အားမုန်းသောသူအပေါင်းတို့ကို လက်ရဖမ်းဆီးတော်မူလိမ့်မည်။
9. ကိုယ်တော်ကြွလာတော်မူသောအခါအလျှံထလျက်နေသောမီးသဖွယ် သူတို့အားဖျက်ဆီးတော်မူလိမ့်မည်။ထာဝရဘုရားသည်အမျက်တော်ထွက်၍ သူတို့အားဖျက်ဆီးပစ်တော်မူလိမ့်မည်။သူတို့သည်မီးတွင်ကျွမ်းလောင်ကုန်လိမ့်မည်။
10. မင်းကြီးသည်သူတို့၏သားသမီးအပေါင်း ကို သေကြေပျက်စီးစေတော်မူလိမ့်မည်။သူတို့၏အမျိုးအနွယ်အပေါင်းကို သုတ်သင်တော်မူလိမ့်မည်။
11. သူတို့သည်မင်းကြီးကိုလုပ်ကြံရန်မသမာ သော အကြံအစည်များကိုပြုကြ၏။သို့ရာတွင်အောင်မြင်ကြလိမ့်မည်မဟုတ်။
12. မင်းကြီးသည်လေးနှင့်ခွင်းတော်မူလျက် သူတို့အား တပ်ခေါက်၍ထွက်ပြေးစေတော်မူလိမ့်မည်။
13. အို ထာဝရဘုရား၊ကိုယ်တော်၌မဟာတန်ခိုးတော်ရှိတော်မူ သောကြောင့်ကိုယ်တော်အားကျွန်တော်မျိုးတို့ထောမနာ ပြုကြပါ၏။ကိုယ်တော်၏ဘုန်းအာနုဘော်တော်ကို ထောမနာသီချင်းဆိုပါမည်။