1. ငါ့ကျောက်တောင်ဖြစ်တော်မူသောအရှင်ထာဝရ ဘုရားအားထောမနာပြုကြလော့။ကိုယ်တော်သည်ငါ့ကိုတိုက်ပွဲဝင်ရန်အတွက် လေ့ကျင့်ပေးတော်မူ၏။စစ်ဆင်မှုကိုသွန်သင်ပေးတော်မူ၏။
2. ကိုယ်တော်သည်ငါ့ကိုကွယ်ကာရာငါ့ခံတပ်၊ငါ့ရဲတိုက်၊ငါ၏ကယ်တင်ရှင်၊ငါကိုးစားရာ ဒိုင်းလွှားဖြစ်တော်မူ၏။ကိုယ်တော်သည်လူမျိုးတကာတို့ကိုငါ၏ လက်အောက်သို့ရောက်စေတော်မူ၏။
3. အို ထာဝရဘုရား၊ လူသည်အဘယ်သို့သောသူဖြစ်၍ကိုယ်တော်ရှင်သည်သူ့ကိုပမာဏ ပြုတော်မူရပါသနည်း။သာမန်လူသားသည်အဘယ်သို့သောသူဖြစ်၍ကိုယ်တော်ရှင်သည်သူ့ကိုဂရုပြုတော်မူ ရပါသနည်း။
4. လူသည်ထွက်သက်ဝင်သက်လေနှင့်တူပါ၏။သူ၏အသက်တာသည်လွန်သွားတတ်သော အရိပ်နှင့်တူပါ၏။
5. အို ထာဝရဘုရား၊မိုးကောင်းကင်ကိုကွေးညွှတ်စေ၍ဆင်းသက် ကြွလာတော်မူပါ။တောင်ရိုးများကိုတို့ထိတော်မူပါ။ ယင်းတို့မှမီးခိုးထွက်ပါလိမ့်မည်။
6. လျှပ်စစ်ပြက်တော်မူ၍ကိုယ်တော်၏ရန်သူ တို့ကို ကစဥ့်ကရဲဖြစ်စေတော်မူပါ။ကိုယ်တော်ရှင်၏လေးတော်တို့ကိုပစ်တော်မူ၍ သူတို့အားထွက်ပြေးစေတော်မူပါ။
7. အထက်ဘုံမှလက်တော်ကိုဆန့်တော်မူ၍ကျွန်တော်မျိုးအားရေနက်ရာမှဆွဲတင် ကယ်ဆယ်တော်မူပါ။တိုင်းတစ်ပါးသားတို့၏လက်မှကယ်တော်မူပါ။
8. ထိုသူတို့သည်အဘယ်အခါ၌မျှမှန်သော စကားကို မပြောတတ်ကြပါ။ကျမ်းကျိန်၍ပြောဆိုရာ၌ပင်လျှင် လိမ်လည်တတ်ကြပါ၏။
9. အို ဘုရားသခင်၊ကျွန်တော်မျိုးသည်သီချင်းသစ်ကိုဆို၍ ကိုယ်တော်ရှင်၏ဂုဏ်တော်ကိုချီးမွမ်းပါမည်။စောင်းကိုတီး၍သီချင်းဆိုကာဂုဏ်တော်ကို ချီးမွမ်းပါမည်။
10. ကိုယ်တော်ရှင်သည်ဘုရင်တို့အားစစ်ပွဲအောင်ခွင့်ကို ပေးတော်မူပါ၏။ကိုယ်တော်ရှင်၏အစေခံဒါဝိဒ်ကို ကယ်ဆယ်တော်မူပါ၏။
11. ရက်စက်ကြမ်းကြုတ်သောရန်သူများ၏လက်မှ ကျွန်တော်မျိုးအားကယ်တော်မူပါ။တိုင်းတစ်ပါးသားတို့၏လက်မှကယ်ဆယ်တော် မူပါ။ထိုသူတို့သည်အဘယ်အခါ၌မျှမှန်သော စကားကိုမပြောတတ်ကြပါ။ကျမ်းကျိန်၍ပြောဆိုရာ၌ပင်လျှင် လိမ်လည်တတ်ကြပါ၏။
12. ကျွန်တော်မျိုးတို့၏သားများသည်အသက်ပျိုရွယ်ချိန်၌သန်မာကြီးထွားလာသော အပင်ငယ်များကဲ့သို့ဖြစ်ပါစေသော။ကျွန်တော်မျိုးတို့၏သမီးများသည်နန်းတော် ထောင့်များတွင်အလှစိုက်ထူထားသောခန့်ညားသည့်ကျောက်တိုင်များကဲ့သို့ဖြစ်ပါ စေသော။
13. ကျွန်တော်မျိုးတို့၏ကျီများသည်အသီးအနှံ အမျိုးမျိုးဖြင့်ပြည့်လျက်ရှိပါစေသော။ကွင်းပြင်များရှိသိုးများသည်ထောင်ပေါင်းများစွာသောသိုးငယ်တို့ကိုမွေးဖွားကြ ပါစေသော။
14. ကျွန်တော်မျိုးတို့၏နွားများသည်လည်းဇီးမလျှော၊ မသေမပျောက်ဘဲများစွာတိုးပွားကြပါစေသော။ကျွန်တော်မျိုးတို့၏လမ်းများသည်ဒုက္ခရောက်သူတို့၏အော်ဟစ်ညည်းတွားသံများနှင့် ကင်းဝေးပါစေသော။
15. ဤသို့သောအခြေအနေ၌ရှိသည့်နိုင်ငံသည် မင်္ဂလာရှိပါ၏။ထာဝရဘုရားကိုဘုရားအဖြစ်ကိုးကွယ်သော လူမျိုးသည်မင်္ဂလာရှိပါ၏။