14. ကိုယ်တော်သည်ကြောက်ရွံ့ဖွယ်ကောင်းသောအရှင် ဖြစ်တော်မူသဖြင့်ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား ထောမနာပြုပါ၏။ကိုယ်တော်ရှင်ပြုတော်မူသမျှသောအမှု အရာတို့သည်ထူးဆန်းအံ့သြဖွယ်ကောင်းကြောင်းကျွန်တော်မျိုး အသေအချာသိပါ၏။
15. ကျွန်တော်မျိုးသည်မိခင်၏ဝမ်းတွင်လျှို့ဝှက်စွာ ကြီးထွားလာချိန်၊ကျွန်တော်မျိုး၏အရိုးတို့သည်ဖြစ်ပေါ်လာလျက် တစ်ခုနှင့်တစ်ခုသေချာစွာဆက်စပ်ကြချိန်တို့၌ကိုယ်တော်သည်ကျွန်တော်မျိုးကိုသိမြင်တော် မူပါ၏။
16. ကျွန်တော်မျိုးမမွေးမဖွားမီကပင်လျှင်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးကို သိမြင်တော်မူပါ၏။ကျွန်တော်မျိုးအတွက်အသက်ရှင်ရန်လျာထားတော်မူသောနေ့ရက်အရေအတွက် တို့ကို ကျွန်တော်မျိုးမမွေးမဖွားမီကပင်လျှင်ကိုယ်တော်ရှင်၏စာစောင်တော်တွင် ရေးမှတ်ထားတော်မူပြီးဖြစ်ပါ၏။
17. အို ဘုရားသခင်၊ကိုယ်တော်ရှင်၏အကြံအစည်တော်တို့သည် ကျွန်တော်မျိုးအတွက်ခက်ခဲနက်နဲလှပါ၏။ယင်းတို့သည်များပြားလှပါသည်တကား။
18. ထိုအကြံအစည်တော်တို့ကိုကျွန်တော်မျိုး ရေတွက်ရမည်ဆိုသော်ယင်းတို့သည်သဲလုံးများထက်များပါလိမ့်မည်။အိပ်ရာမှနိုးထသောအခါ၌ကျွန်တော်မျိုး သည် ကိုယ်တော်ရှင်နှင့်အတူရှိနေဦးမည်။
19. အို ဘုရားသခင်၊သူယုတ်မာတို့အားကိုယ်တော်ရှင် ကွပ်မျက်တော်မူပါစေသော။အကြမ်းဖက်သမားတို့သည်ကျွန်တော်မျိုးထံမှ ထွက်သွားစေတော်မူပါ။
20. သူတို့သည်ကိုယ်တော်ရှင်၏အကြောင်းတော်ကို ယုတ်မာစွာပြောဆိုကြပါ၏။ကိုယ်တော်ရှင်၏နာမတော်ကိုပုတ်ခတ် ပြောဆိုကြပါ၏။
21. အို ထာဝရဘုရား၊ကိုယ်တော်ရှင်ကိုပုန်ကန်သူတို့အား ကျွန်တော်မျိုးလွန်စွာစက်ဆုပ်ပါ၏။
22. ကျွန်တော်မျိုးသည်သူတို့ကိုစိတ်နှလုံး အကြွင်းမဲ့ မုန်းပါ၏။သူတို့အားကျွန်တော်မျိုး၏ရန်သူများကဲ့သို့ မှတ်ပါ၏။
23. အို ဘုရားသခင်၊ကျွန်တော်မျိုးကိုစစ်ဆေးတော်မူ၍ကျွန်တော်မျိုး၏ စိတ်နှလုံးကိုသိမှတ်တော်မူပါ။ကျွန်တော်မျိုးကိုစစ်ကြောတော်မူ၍ကျွန်တော်မျိုး၏ အကြံအစည်များကိုသိမှတ်တော်မူပါ။
24. ကျွန်တော်မျိုးသည်ဆိုးသွမ်းသောလမ်းသို့လိုက်သည်မလိုက်သည်ကိုစစ်ဆေးတော်မူ၍ ထာဝရလမ်းထဲသို့ပို့ဆောင်တော်မူပါ။