25. ကိုယ်တော်အမိန့်ပေးတော်မူသောအခါလေပြင်းမုန်တိုင်းကျရောက်လာ၍ လှိုင်းတံပိုးများထလေ၏။
26. သင်္ဘောများသည်လေထဲသို့မြောက်၍သွားကြ ပြီးနောက် ရေထဲသို့ထိုးဆင်းသွားကြ၏။ယင်းသို့သေဘေးနှင့်တွေ့ကြုံရကြသဖြင့် လူတို့သည်ထိတ်လန့်တုန်လှုပ်ကြကုန်၏။
27. သူတို့သည်အရက်မူးသူများကဲ့သို့ယိမ်းယိုင် လဲကျကြကုန်၏။သူတို့၏ကျွမ်းကျင်မှုသည်အချည်းနှီးပင်ဖြစ်၏။
28. ထိုအခါသူတို့သည်ဒုက္ခရောက်ကြသဖြင့် ထာဝရဘုရားထံအော်ဟစ်ကြရာကိုယ်တော်သည်သူတို့အားဒုက္ခမှကယ်တော် မူ၏။
29. ကိုယ်တော်သည်လေမုန်တိုင်းကိုရပ်စဲစေတော် မူသဖြင့် လှိုင်းတံပိုးတို့သည်ငြိမ်သက်လေ၏။
30. ယင်းသို့လေငြိမ်သဖြင့်သူတို့သည် ဝမ်းမြောက်ကြကုန်၏။ကိုယ်တော်သည်သူတို့သွားလိုရာသင်္ဘောဆိပ်မြို့သို့ ဘေးမဲ့လုံခြုံစွာပို့ဆောင်တော်မူ၏။
31. သူတို့သည်ထာဝရဘုရား၏ခိုင်မြဲသော မေတ္တာတော်အတွက်လည်းကောင်း၊မိမိတို့အတွက်ပြုတော်မူသောအံ့သြဖွယ်ရာများအတွက်လည်းကောင်း ကျေးဇူးတော်ကိုချီးမွမ်းကြရပေမည်။
32. သူတို့သည်ကိုယ်တော်ကြီးမြတ်တော်မူပုံကို လူတို့ စုဝေးရာအရပ်၌ထုတ်ဖော်ကြေညာကြရပေမည်။ခေါင်းဆောင်များအစည်းအဝေး၌ကိုယ်တော်ကို ထောမနာပြုကြရပေမည်။
33. ထာဝရဘုရားသည်မြစ်များကိုလုံးဝ ခန်းခြောက်စေတော်မူ၏။စမ်းချောင်းများကိုလည်းဆို့ပိတ်၍ထားတော်မူ၏။
34. ပြည်သူတို့၏ယုတ်မာမှုကြောင့်ကိုယ်တော်သည် မြေကောင်းမြေသန့်ကိုအသုံးမဝင်သည့်ဆားမြေအဖြစ်သို့ ပြောင်းလဲစေတော်မူ၏။
35. ကိုယ်တော်သည်သဲကန္တာရများကိုရေအိုင်များ အဖြစ်သို့လည်းကောင်း၊ခြောက်သွေ့သည့်ဒေသများကိုစမ်းရေပေါက် အဖြစ်သို့လည်းကောင်းပြောင်းလဲစေတော်မူ၏။
36. ထိုဒေသတွင်အစာငတ်မွတ်သူတို့အား နေထိုင်ခွင့်ပေးတော်မူ၏။သူတို့သည်လည်းမိမိတို့နေထိုင်ရန်မြို့ကို တည်ကြ၏။
37. သူတို့သည်လယ်ယာလုပ်ကိုင်ကာစပျစ်ပင် များကို စိုက်ပျိုးကြ၏။ယင်းတို့သည်များစွာသောအသီးအနှံ တို့ကိုဆောင်ကုန်၏။
38. ကိုယ်တော်သည်မိမိလူစုတော်ကိုကောင်းချီးပေးတော်မူသဖြင့်သူတို့သည် သားသမီးများစွာရရှိကြ၏။ကိုယ်တော်သည်သူတို့၏နွားအုပ်များကိုလည်း မယုတ်မလျော့စေရန်စောင့်ရှောက်တော်မူ၏။