19. ထိုအခါသူတို့သည်ဒုက္ခရောက်ကြသဖြင့် ထာဝရဘုရားထံအော်ဟစ်ကြရာကိုယ်တော်သည်သူတို့အားဒုက္ခမှကယ်တော်မူ၏။
20. ကိုယ်တော်သည်အမိန့်တော်ပေး၍သူတို့အားရောဂါပျောက်ကင်းစေတော်မူပြီးလျှင် သင်္ချိုင်းတွင်းမှကယ်တော်မူ၏။
21. သူတို့သည်ထာဝရဘုရား၏ခိုင်မြဲသောမေတ္တာတော်အတွက်လည်းကောင်း၊မိမိတို့အားပြုတော်မူသောအံ့သြဖွယ် ရာများ အတွက်လည်းကောင်းကျေးဇူးတော်ကိုချီးမွမ်းကြရပေမည်။
22. သူတို့သည်ယဇ်ပူဇော်သကာဖြင့်ကိုယ်တော်၏ ကျေးဇူးတော်ကိုချီးမွမ်းကြရပေမည်။ဝမ်းမြောက်စွာသီချင်းဆိုလျက်ကိုယ်တော်ပြုတော်မူသောအမှုတော်တို့ကို ဖော်ပြရကြပေမည်။
23. လူအချို့တို့သည်သမုဒ္ဒရာတွင်သင်္ဘောလွှင့်၍ကူးသန်းသွားလာလျက်အသက်မွေးဝမ်းကျောင်း ရှာကြ၏။
24. သူတို့သည်ထာဝရဘုရားပြုတော်မူသောအမှုတော်များ၊ပင်လယ်တွင်ပြတော်မူသော အံ့သြဖွယ်ရာများကိုမြင်တွေ့ရကြ၏။
25. ကိုယ်တော်အမိန့်ပေးတော်မူသောအခါလေပြင်းမုန်တိုင်းကျရောက်လာ၍ လှိုင်းတံပိုးများထလေ၏။
26. သင်္ဘောများသည်လေထဲသို့မြောက်၍သွားကြ ပြီးနောက် ရေထဲသို့ထိုးဆင်းသွားကြ၏။ယင်းသို့သေဘေးနှင့်တွေ့ကြုံရကြသဖြင့် လူတို့သည်ထိတ်လန့်တုန်လှုပ်ကြကုန်၏။
27. သူတို့သည်အရက်မူးသူများကဲ့သို့ယိမ်းယိုင် လဲကျကြကုန်၏။သူတို့၏ကျွမ်းကျင်မှုသည်အချည်းနှီးပင်ဖြစ်၏။
28. ထိုအခါသူတို့သည်ဒုက္ခရောက်ကြသဖြင့် ထာဝရဘုရားထံအော်ဟစ်ကြရာကိုယ်တော်သည်သူတို့အားဒုက္ခမှကယ်တော် မူ၏။
29. ကိုယ်တော်သည်လေမုန်တိုင်းကိုရပ်စဲစေတော် မူသဖြင့် လှိုင်းတံပိုးတို့သည်ငြိမ်သက်လေ၏။
30. ယင်းသို့လေငြိမ်သဖြင့်သူတို့သည် ဝမ်းမြောက်ကြကုန်၏။ကိုယ်တော်သည်သူတို့သွားလိုရာသင်္ဘောဆိပ်မြို့သို့ ဘေးမဲ့လုံခြုံစွာပို့ဆောင်တော်မူ၏။
31. သူတို့သည်ထာဝရဘုရား၏ခိုင်မြဲသော မေတ္တာတော်အတွက်လည်းကောင်း၊မိမိတို့အတွက်ပြုတော်မူသောအံ့သြဖွယ်ရာများအတွက်လည်းကောင်း ကျေးဇူးတော်ကိုချီးမွမ်းကြရပေမည်။
32. သူတို့သည်ကိုယ်တော်ကြီးမြတ်တော်မူပုံကို လူတို့ စုဝေးရာအရပ်၌ထုတ်ဖော်ကြေညာကြရပေမည်။ခေါင်းဆောင်များအစည်းအဝေး၌ကိုယ်တော်ကို ထောမနာပြုကြရပေမည်။