3. တရားမျှတစွာပြုမူ၍အမှန်တရားကို အစဉ် ကျင့်သုံးသူတို့သည်မင်္ဂလာရှိကြ၏။
4. အို ထာဝရဘုရား၊ကိုယ်တော်ရှင်၏လူစုတော်အား ကူမတော်မူသောအခါကျွန်တော်မျိုးကိုလည်းသတိရတော်မူပါ။သူတို့အားကယ်တော်မူသောအခါ ကျွန်တော်မျိုးကိုလည်းကယ်တော်မူပါ။
5. ကိုယ်တော်ရှင်၏လူစုတော်ကောင်းစားသည်ကို ကျွန်တော်မျိုးမြင်ပါရစေ။ကိုယ်တော်ရှင်၏ပြည်တော်သားများ ဝမ်းမြောက်ရာ၌လည်းကောင်း၊ကိုယ်တော်ပိုင်တော်မူသောသူတို့ရွှင်လန်းအား ရစွာဂုဏ်ယူဝါကြွားရာ၌လည်းကောင်းကျွန်တော်မျိုး ပါဝင်ပါရစေ။
6. ကျွန်တော်မျိုးတို့သည်ဘိုးဘေးများနည်းတူအပြစ်ကူးကြပါပြီ။ ယုတ်မာဆိုးညစ်ကြ ပါပြီ။
7. ကျွန်တော်မျိုးတို့၏ဘိုးဘေးများသည်အီဂျစ် ပြည်၌ဘုရားသခင်ပြုတော်မူသောအံ့သြဖွယ်ရာ အမှုတော်ကိုနားမလည်ကြပါ။သူတို့အားကြိမ်ဖန်များစွာပြတော်မူသော မေတ္တာတော်ကိုမေ့လျော့ကြပါ၏။ထိုနောက်ပင်လယ်နီအနီးတွင်အနန္တ တန်ခိုးရှင်ကို ပုန်ကန်ကြပါ၏။
8. သို့ရာတွင်ကိုယ်တော်သည်မိမိ၏ မဟာတန်ခိုးတော်ကိုပြရန်ကတိတော်ရှိသည်အတိုင်းသူတို့အား ကယ်တော်မူပါ၏။
9. ကိုယ်တော်သည်ပင်လယ်နီကိုအမိန့်ပေးတော် မူလျှင် ယင်းသည်ခန်းခြောက်၍သွား၏။ထိုနောက်မိမိ၏လူစုတော်အားခန်းခြောက်သော ပင်လယ်ကိုဖြတ်စေရန်ပို့ဆောင်တော်မူ၏။
10. ကိုယ်တော်သည်သူတို့ကိုမုန်းသောသူတို့၏လက်မှ ကယ်တော်မူ၏။သူတို့၏ရန်သူများလက်မှကယ်ဆယ်တော်မူ၏။
11. သူတို့၏ရန်သူများသည်ရေနစ်၍သေကြကုန်၏။တစ်စုံတစ်ယောက်မျှအသက်ရှင်၍မကျန်ခဲ့။
12. ထိုအခါကိုယ်တော်၏လူစုတော်သည်ကတိတော်ကို ယုံကြည်ကြလျက်ကိုယ်တော်အားထောမနာသီချင်းဆို ကြ၏။
13. သို့ရာတွင်သူတို့သည်ကိုယ်တော်ပြုတော်မူသည့် အမှုတော်ကိုလျင်မြန်စွာမေ့ပျောက်လိုက်ပြီးလျှင်ကိုယ်တော်၏လမ်းညွှန်တော်မူချက်ကိုမခံယူဘဲ ပြုမူကျင့်ကြံကြ၏။
14. သူတို့သည်တောကန္တာရ၌အာသာရမ္မက် ဖြစ်ပေါ်လာသည့်အလျောက်ဘုရားသခင်အားသွေးစမ်းကြ၏။
15. သို့ဖြစ်၍ကိုယ်တော်သည်သူတို့တောင်းခံသည့် အရာကိုချပေးတော်မူသော်လည်းသူတို့အားရောဂါဆိုးစွဲကပ်စေတော် မူ၏။