32. လူသားကိုလူမျိုးခြားတို့၏လက်သို့အပ်နှံ ကြလိမ့်မည်။ သူ့ကိုပြောင်လှောင်စော်ကား၍ တံတွေးနှင့်ထွေးကြလိမ့်မည်။-
33. ကြိမ်ဒဏ်ပေး၍အသေသတ်ကြလိမ့်မည်။ ထို နောက်သုံးရက်မြောက်သောနေ့၌လူသားသည် သေခြင်းမှရှင်ပြန်ထမြောက်တော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။
34. သို့ရာတွင်တပည့်တော်တို့သည်ကိုယ်တော်၏ စကားတစ်ခွန်းကိုမျှနားမလည်ကြ။ ထို စကားများ၏အနက်အဋ္ဌိပ္ပါယ်သည်ကွယ်ဝှက် လျက်နေသဖြင့် ကိုယ်တော်၏မိန့်တော်မူချက် ကိုနားမလည်ကြ။
35. သခင်ယေရှုသည်ယေရိခေါမြို့အနီးသို့ ရောက်တော်မူသောအခါ မျက်မမြင်တစ်ဦး သည်လမ်းနားမှာထိုင်၍တောင်းစားလျက်နေ၏။-
36. သူသည်လူပရိသတ်များသွားကြသံကို ကြားလျှင်အကြောင်းကိုစုံစမ်းမေးမြန်း၏။
37. လူတို့ကနာဇရက်မြို့သားယေရှုကြွလာ တော်မူလျက်ရှိကြောင်းပြောကြ၏။
38. ထိုသူက ``ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ် ကိုသနားတော်မူပါ'' ဟုဟစ်အော်၏။
39. ရှေ့တွင်ရှိသည့်လူများကသူ့အားတိတ်တိတ် နေရန်ငေါက်ငမ်းပြောဆိုကြ၏။ သို့သော်လည်း သူသည် ``ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကို သနားတော်မူပါ'' ဟုပို၍ပင်ဟစ်အော်လေ၏။
40. သို့ဖြစ်၍သခင်ယေရှုသည်ရပ်တန့်တော်မူ လျက် ``ထိုသူအားခေါ်ခဲ့ပါ'' ဟုမိန့်တော်မူ၏။ ထိုသူသည်အနီးသို့ရောက်လျှင်၊-
41. ကိုယ်တော်က ``သင့်အတွက်အဘယ်အရာကို ပြုစေလိုသနည်း'' ဟုမေးတော်မူ၏။မျက်မမြင်က ``အရှင်၊ အကျွန်ုပ်အားမျက်စိ မြင်စေတော်မူပါ'' ဟုလျှောက်၏။
42. သခင်ယေရှုက ``မျက်စိမြင်စေ။ သင်၏ ယုံကြည်ခြင်းသည်သင့်မျက်စိကိုမြင်စေပြီ'' ဟုမိန့်တော်မူ၏။
43. ထိုခဏ၌သူသည်မျက်စိမြင်လာ၏။ ထိုနောက် ဘုရားသခင်၏ဂုဏ်ကျေးဇူးတော်ကိုချီးကူး လျက် ကိုယ်တော်၏နောက်သို့လိုက်လေ၏။ ထိုအခြင်း အရာကိုမြင်လျှင် လူအပေါင်းတို့သည်ဘုရား သခင်၏ဂုဏ်တော်ကိုချီးကူးကြကုန်၏။