17. သခင်ယေရှုက ``လာကြ။ ငါ့နောက်သို့လိုက်ကြ။ သင်တို့ကိုလူဖမ်းတံငါများဖြစ်စေမည်'' ဟု ထိုသူတို့အားမိန့်တော်မူ၏။-
18. ထိုသူတို့သည်ချက်ချင်း မိမိတို့၏ပိုက်ကွန်များ ကိုစွန့်ပစ်၍နောက်တော်သို့လိုက်ကြ၏။
19. ကိုယ်တော်သည်ဆက်လက်၍အနည်းငယ်လျှောက် သွားသောအခါ ဇေဗေဒဲ၏သားများဖြစ်ကြ သောယာကုပ်နှင့်ညီယောဟန်ကိုမြင်တော်မူ၏။ သူတို့သည်လှေထဲတွင်ပိုက်ကွန်များကိုအသင့် ပြင်လျက်နေကြ၏။-
20. ကိုယ်တော်သည်သူတို့ကိုမြင်လျှင်ချက်ချင်းခေါ်ယူ တော်မူသဖြင့် သူတို့သည်ဖခင်ဇေဗေဒဲကိုလူ ငှားများနှင့်လှေထဲတွင်ထားခဲ့၍နောက်တော်သို့ လိုက်ကြ၏။
21. ကိုယ်တော်နှင့်တပည့်တော်တို့သည် ကပေရနောင်မြို့သို့ ရောက်လာကြ၏။ ဥပုသ်နေ့၌သခင်ယေရှုသည် တရားဇရပ်သို့ဝင်၍ဟောပြောသွန်သင်တော်မူ၏။-
22. ကိုယ်တော်သည်ကျမ်းတတ်ဆရာတို့သွန်သင်သကဲ့သို့ မဟုတ်ဘဲ အာဏာရှိသူကဲ့သို့သွန်သင်တော်မူ၏။ သို့ ဖြစ်၍လူတို့သည်ကိုယ်တော်၏သွန်သင်ပုံကိုအံ့သြ ကြ၏။
23. ထိုအချိန်၌တရားဇရပ်ထဲတွင် ညစ်ညမ်းသောနတ် ပူးဝင်နေသူတစ်ဦးရှိ၏။-
24. ထိုသူက ``နာဇရက်မြို့သားယေရှု၊ အရှင်သည်အကျွန်ုပ် တို့အားအဘယ်သို့ပြုလိုတော်မူပါသနည်း။ အကျွန်ုပ် တို့အားဖျက်ဆီးရန်ကြွလာတော်မူပါသလော။ အရှင် သည်မည်သူဖြစ်သည်ကိုအကျွန်ုပ်သိပါ၏။ အရှင် ကားဘုရားသခင်ထံမှကြွလာတော်မူသော သန့်ရှင်းမြင့်မြတ်သူပေတည်း'' ဟုဟစ်အော်၏။
25. သခင်ယေရှုက ``ဆိတ်ဆိတ်နေလော့။ ထွက်ခဲ့ လော့'' ဟုအမိန့်ပေးတော်မူ၏။-
26. ညစ်ညမ်းသောနတ်သည်လူကိုပြင်းစွာတုန်တက် စေပြီးလျှင် ကျယ်စွာဟစ်အော်၍ထွက်ခွာသွား၏။-
27. လူအပေါင်းတို့သည်လွန်စွာအံ့သြကြလျက် ``ဤ အချင်းအရာကားအဘယ်သို့နည်း။ သြဝါဒသစ် တစ်မျိုးပေလော။ သူသည်ညစ်ညမ်းသောနတ်များကို အာဏာနှင့်အမိန့်ပေး၍ နတ်တို့ကလိုက်နာကြ သည်တကား'' ဟုအချင်းချင်းပြောဆိုကြ၏။-
28. ချက်ချင်းပင်ကိုယ်တော်၏သတင်းသည် ဂါလိလဲ ပြည်တစ်ပြည်လုံးရှိကျေးလက်တောရွာအပေါင်း သို့ပြန့်သွားလေသည်။
29. ထိုနောက်ကိုယ်တော်နှင့်တပည့်တော်တို့သည် တရားဇရပ်မှထွက်ခွာ၍ ရှိမုန်နှင့်အန္ဒြေ၏အိမ်သို့ ကြွတော်မူ၏။ ယာကုပ်နှင့်ယောဟန်တို့လည်း လိုက်ပါသွားကြ၏။
30. ရှိမုန်၏ယောက္ခမမိန်းမသူသည်အိပ်ရာပေါ်တွင် ဖျားလျက်ရှိ၏။ သူ၏အကြောင်းကိုကိုယ်တော်အား ချက်ချင်းပင်လျှောက်ထားကြ၏။-