57. သခင်ယေရှုကိုဖမ်းဆီးကြသောသူတို့သည် ကိုယ်တော်အားယဇ်ပုရောဟိတ်မင်းကယာဖ၏ ကျောင်းတော်သို့ခေါ်ဆောင်သွားကြ၏။ ကျမ်းတတ် ဆရာများနှင့်ဘာသာရေးခေါင်းဆောင်များသည် ထိုအရပ်တွင်စုရုံးလျက်နေကြ၏။-
58. ပေတရုသည်ခပ်လှမ်းလှမ်းကနေ၍ယဇ်ပုရော ဟိတ်မင်း၏ကျောင်းတော်ဝင်းတိုင်အောင်ကိုယ်တော် ၏နောက်ကလိုက်လာခဲ့၏။ ထိုနောက်ဝင်းထဲသို့ ဝင်၍ကိုယ်တော်၏အမှုမည်သို့အဆုံးသတ်မည် ကိုသိရှိနိုင်ရန် ယဇ်ပုရောဟိတ်မင်း၏ကိုယ်ရံတော် တပ်သားများနှင့်အတူထိုင်လျက်နေ၏။-
59. ယဇ်ပုရောဟိတ်ကြီးများနှင့်တကွယုဒတရား လွှတ်တော်အဖွဲ့ဝင်အပေါင်းတို့သည်သခင်ယေရှု အား သေဒဏ်ပေးနိုင်ရန်မဟုတ်မမှန်သောသက်သေ ကိုရှာကြ၏။-
60. သို့ရာတွင်မတွေ့ကြ။ မုသားသက်သေကားအများ ပင်ရှိ၏။ နောက်ဆုံး၌လူနှစ်ယောက်သည်ရှေ့သို့ထွက် လာပြီးလျှင်၊-
61. ``ဤသူက `ငါသည်ဘုရားသခင်၏ဗိမာန်တော်ကို ဖြိုဖျက်၍သုံးရက်အတွင်းပြန်လည်ဆောက်နိုင်သည်' ဟုပြောဆိုပါသည်'' ဟူ၍သက်သေခံကြ၏။
62. ယဇ်ပုရောဟိတ်မင်းသည်နေရာမှထ၍ ``သင့်အား ထိုသူတို့မည်သို့စွပ်စွဲထွက်ဆိုကြပါသနည်း။ သင့်မှာမည်သို့မျှဖြေကြားစရာမရှိပါသလော'' ဟုကိုယ်တော်အားမေး၏။-
63. သို့ရာတွင်သခင်ယေရှုသည်ဆိတ်ဆိတ်နေတော် မူ၏။ ယဇ်ပုရောဟိတ်မင်းက ``သင်သည်ဘုရား သခင်၏သားတော်မေရှိယလော။ ငါ့အားဖြေ ကြားလော့။ အသက်ရှင်တော်မူသောဘုရား သခင်ကိုတိုင်တည်၍သင့်အားငါမေး၏'' ဟု ဆို၏။
64. သခင်ယေရှုက ``သင်ဆိုသည်အတိုင်းမှန်၏။ သို့ ရာတွင်သင်တို့အားငါဆိုသည်ကားနောင်အခါ တွင်လူသားသည်အနန္တတန်ခိုးရှင်၏လက်ယာ ဘက်တွင်ထိုင်လျက်နေသည်ကိုလည်းကောင်း၊ မိုး တိမ်ကိုစီး၍ကြွလာတော်မူသည်ကိုလည်းကောင်း သင်တို့မြင်ရကြလတ္တံ့'' ဟုမိန့်တော်မူ၏။
65. ထိုအခါယဇ်ပုရောဟိတ်မင်းသည်မိမိ၏အဝတ် ကိုဆွဲဆုတ်ပြီးလျှင် ``ထိုသူသည်ဘုရားသခင်ကို ပြစ်မှားပြောဆိုချေပြီ။ ငါတို့သက်သေများထပ်၍ မလိုတော့ပြီ။ ဘုရားသခင်အားသူပြစ်မှားပြော ဆိုသည်ကိုသင်တို့ယခုကြားရကြပြီ။-
66. အဘယ်သို့ဆုံးဖြတ်ချက်ချရမည်နည်း'' ဟုမေး၏။ထိုသူတို့က ``ပြစ်မှုထင်ရှားသဖြင့်သူ့ကိုသေဒဏ် ပေးရမည်'' ဟုဆိုကြ၏။
67. ထိုနောက်သူတို့သည်ကိုယ်တော်၏မျက်နှာတော်ကို တံတွေးနှင့်ထွေးကြ၏။ ကိုယ်တော်ကိုလက်သီးနှင့် ထိုးကြ၏။ အချို့သောသူတို့သည်ပါးတော်ကို လက်ဝါးဖြင့်ရိုက်ပြီးလျှင်၊-
68. ``အရှင်မေရှိယ၊ အရှင့်အားမည်သူရိုက်သည်ကို ဟောတော်မူပါ'' ဟုဆိုကြ၏။