2. သူသည်အသံကျယ်စွာဖြင့်``ဗာဗုလုန်မြို့ကြီး သည်ပျက်သုဉ်းလေပြီ။ ဗာဗုလုန်မြို့ကြီးပျက် သုဉ်းလေပြီ။ ယခုထိုမြို့သည်နတ်မိစ္ဆာများ နှင့်ညစ်ညမ်းသောနတ်တို့နေထိုင်ရာ၊ စက်ဆုပ် ဖွယ်ကောင်းသည့်ငှက်ဆိုးတို့မှီခိုရာအရပ် ဖြစ်လေပြီ။-
3. အဘယ်ကြောင့်ဆိုသော်လူမျိုးအပေါင်းတို့သည် ထိုမြို့၏ကာမဂုဏ်လိုက်စားမှုတည်းဟူသော မူးယစ်စေသည့်စပျစ်ရည်ကိုသောက်ခဲ့ကြ သောကြောင့်ဖြစ်၏။ ကမ္ဘာပေါ်ရှိရှင်ဘုရင်အ ပေါင်းတို့သည်ဗာဗုလုန်မြို့နှင့်အတူ ကာမ ဂုဏ်ကိုလိုက်စားခဲ့ကြလေပြီ။ ကမ္ဘာပေါ်ရှိ ကုန်သည်တို့သည်လည်းထိုမြို့၏တရားလွန် ကာမဂုဏ်စည်းစိမ်ခံစားမှုကိုအကြောင်း ပြု၍ချမ်းသာကြွယ်ဝကြလေပြီ'' ဟု ကြွေးကြော်လေ၏။
4. ထိုနောက်ကောင်းကင်ဘုံကအခြားသောအသံ ကိုငါကြားရ၏။ ထိုအသံက၊``ထွက်ခဲ့ကြလော့။ ငါ၏လူစုတော်တို့၊ သူ့ထံမှထွက်ခဲ့ကြလော့။သူနှင့်အတူအပြစ်မကူးကြနှင့်။သူနှင့်အတူအပြစ်ဒဏ်ကိုမခံကြနှင့်။
5. အဘယ်ကြောင့်ဆိုသော်သူ၏အပြစ်သည် မိုးကောင်းကင်တိုင်အောင်မြင့်မား၍သူ၏ဆိုးယုတ်သောအပြုအမူများကိုဘုရားသခင်သတိရတော်မူလေပြီ ဖြစ်သောကြောင့်တည်း။
6. သင်တို့အားသူပြုကျင့်သည့်အတိုင်း သူ့အားလက်စားချေကြလော့။သူပြုကျင့်သည်ထက်နှစ်ဆလက်စားချေ ကြလော့။သင်တို့အတွက်ဖလားတွင်သူရောစပ်ပေးသည့်သောက်သုံးစရာထက်နှစ်ဆပြင်းအောင်သူ့ အတွက် ရောစပ်ပေးကြလော့။
7. သူသည်မိမိကိုယ်ကိုချီးမြှောက်၍ကာမဂုဏ် စည်းစိမ်ခံစားသည်နှင့်အမျှသူ့အားဝမ်းနည်းကြေကွဲဆင်းရဲ ဒုက္ခရောက်စေကြလော့။အဘယ်ကြောင့်ဆိုသော်သူက``ငါသည် မိဖုရားဖြစ်၏။ မုဆိုးမမဟုတ်။ငါသည်အဘယ်အခါ၌မျှဝမ်းနည်းကြေကွဲ ရလိမ့်မည်မဟုတ်'' ဟုမိမိကိုယ်ကိုပြောဆိုနေတတ်သောကြောင့်ဖြစ်၏။
8. ဤအကြောင်းကြောင့်ရောဂါဘေး၊ ဝမ်းနည်းကြေကွဲခြင်းဘေး၊အစာငတ်မွတ်ခေါင်းပါးခြင်းဘေးများသည်သူ၏အပေါ်သို့တစ်ရက်အတွင်း ကျရောက်လာလိမ့်မည်။သူသည်မီးရှို့ခြင်းကိုခံရလိမ့်မည်။အဘယ်ကြောင့်ဆိုသော်သူ့အားတရားစီရင်တော်မူသောထာဝရအရှင် ဘုရားသခင်သည်တန်ခိုးကြီးတော်မူသောကြောင့်ဖြစ်သတည်း'' ဟုဆို၏။
9. သူနှင့်ကာမဂုဏ်စည်းစိမ်ခံစားခဲ့ကြသောကမ္ဘာ တစ်ဝန်းလုံးရှိဘုရင်တို့သည် သူ့ကိုကျွမ်းလောင် လျက်ရှိသည့်မီးမှမီးခိုးများကိုမြင်သော အခါငိုကြွေးမြည်တမ်းကြလိမ့်မည်။-
10. သူတို့သည်သူခံရသကဲ့သို့ခံရမည်ကို ကြောက်ရွံ့တုန်လှုပ်ကာအဝေးမှရပ်လျက်``တန်ခိုး ကြီးသည့်မြို့၊ ကြီးမြတ်သည့်ဗာဗုလုန်မြို့၊ ဖြစ် ရလေခြင်း၊ ဖြစ်ရလေခြင်း။ သင်သည်တစ်နာရီ အတွင်း၌အပြစ်ဒဏ်စီရင်ခြင်းကိုခံရလေ ပြီတကား'' ဟုဆိုကြ၏။
11. ကမ္ဘာပေါ်ရှိကုန်သည်ကြီးတို့သည်လည်းမိမိ တို့ကုန်ပစ္စည်းများကိုဝယ်ယူမည့်သူတစ်ယောက် မျှမရှိတော့သဖြင့်ငိုကြွေးမြည်တမ်း၍ဝမ်း နည်းပူဆွေးကြ၏။-
12. သူတို့၏ကုန်ပစ္စည်းများကားရွှေ၊ ငွေ၊ ကျောက်မျက် ရတနာ၊ ပုလဲ၊ ပိတ်ချောထည်၊ မရမ်းစေ့ရောင်ပိုး ထည်၊ ဖဲနီထည်၊ နံ့သာသားအမျိုးမျိုး၊ ဆင်စွယ်၊ အဖိုးတန်သစ်သား၊ ကြေး၊ သံ၊ ကျောက်ဖြူတို့ ဖြင့်ပြုလုပ်ထားသည့်ပစ္စည်းအမျိုးမျိုး၊-
13. သစ်ကြံပိုး၊ ဟင်းခပ်အမွှေးအကြိုင်၊ နံ့သာပေါင်း၊ မုရန်၊ ဆီမွှေး။ လော်ဗန်၊ စပျစ်ရည်၊ ဆီ၊ ဂျုံမှုန့်၊ ဂျုံဆန်၊ ကျွဲ၊ နွား၊ သိုး၊ မြင်း၊ ရထား၊ ကျွန်၊ လူ့အသက်များ ပင်ဖြစ်လေသည်။-