16. ကောင်းသောအမှုကိုပြုခြင်းနှင့် ဝေမျှခြင်းတို့ကိုလည်း မမေ့လျော့ကြနှင့်။ အကြောင်းမူကား ထိုသို့သောယဇ်များကို ဘုရားသခင်နှစ်သက်တော်မူ၏။
17. သင်တို့၏ခေါင်းဆောင်များသည် ဖြေရှင်းချက်ပေးရမည့်သူအဖြစ် သင်တို့၏စိတ်ဝိညာဉ်အတွက် နိုးနိုးကြားကြားရှိနေကြသည်ဖြစ်၍ သူတို့သည် ညည်းတွားခြင်းမရှိဘဲ ဝမ်းမြောက်စွာဖြင့် ထိုအမှုကိုဆောင်ရွက်နိုင်ရန် သူတို့စကားကိုနားထောင်လျက် ကျိုးနွံနာခံကြလော့။ သို့မဟုတ်လျှင် သင်တို့အတွက် အကျိုးရှိလိမ့်မည်မဟုတ်။
18. ငါတို့အတွက် ဆုတောင်းပေးကြလော့။ အကြောင်းမူကား ငါတို့၌ ကြည်လင်သောအသိစိတ်ရှိကြသည်ဟု ငါတို့ယုံကြည်စိတ်ချလျက် အရာရာ၌ လျောက်ပတ်စွာအသက်ရှင်နေထိုင်ရန်အလိုရှိကြ၏။
19. ငါသည် သင်တို့ထံသို့ လျင်မြန်စွာ ပြန်ရောက်နိုင်မည့်အကြောင်း ဆုတောင်းပေးရန် အထူးမေတ္တာရပ်ခံပါ၏။
20. ထာဝရပဋိညာဉ်နှင့်ဆိုင်သောသွေးတော်အားဖြင့် သိုးတို့၏သိုးထိန်းကြီးဖြစ်တော်မူသော ငါတို့သခင်ယေရှုကို သေသောသူတို့ထဲမှ ခေါ်ထုတ်တော်မူသည့် ငြိမ်သက်ခြင်းအရှင်ဘုရားသခင်သည်
21. ရှေ့တော်၌နှစ်သက်ဖွယ်သောအမှုကို ယေရှုခရစ်တော်အားဖြင့် ငါတို့တွင်ပြုတော်မူ၍ ကိုယ်တော်၏အလိုတော်ကို သင်တို့ဆောင်ရွက်နိုင်ရန် ကောင်းသောအမှုအမျိုးမျိုးတို့ဖြင့် သင်တို့ကိုပြည့်စုံစေတော်မူပါစေသော။ ထိုသခင်၌ ကမ္ဘာအဆက်ဆက်ဘုန်းအသရေတော်ရှိပါစေသော။ အာမင်။
22. ညီအစ်ကိုတို့၊ ငါသည် သင်တို့ထံ အကျဉ်းချုံးရေးသားလိုက်ခြင်းသာဖြစ်၍ ဤတိုက်တွန်းအားပေးစကားကိုလက်ခံကြရန် သင်တို့အား ငါတောင်းပန်၏။
23. ငါတို့ညီတိမောသေသည် လွတ်လာပြီဖြစ်ကြောင်း သင်တို့အားသိစေလိုပါ၏။ သူသည် အမြန်ရောက်လာလျှင် ငါသည် သူနှင့်အတူ သင်တို့ကိုလာတွေ့မည်။
24. သင်တို့၏ခေါင်းဆောင်အားလုံးနှင့် သန့်ရှင်းသူအားလုံးကို နှုတ်ဆက်ပါ၏။ အီတလီပြည်မှလာသောသူတို့သည် သင်တို့ကိုနှုတ်ဆက်လိုက်ပါ၏။