9. သူသည် ယုံကြည်ခြင်းအားဖြင့် ကတိထားတော်မူသောပြည်၌ တိုင်းတစ်ပါးသားကဲ့သို့ ဧည့်သည်အဖြစ်နေထိုင်၍ တစ်ခုတည်းသောကတိတော်ကို အတူတကွအမွေဆက်ခံသူများဖြစ်ကြသော ဣဇက်၊ ယာကုပ်တို့နှင့်အတူ တဲများတွင်နေထိုင်ကြ၏။
10. အကြောင်းမူကား သူသည် ဘုရားသခင်ရေးဆွဲစီမံ၍ တည်ဆောက်တော်မူသော ခိုင်ခံ့သည့်အုတ်မြစ်ရှိသောမြို့ကို မျှော်လင့်နေ၏။
11. ထိုနည်းတူ အမြုံဖြစ်သောစာရာသည်လည်း အသက်အရွယ်လွန်ပြီးသောအခါ ယုံကြည်ခြင်းအားဖြင့် ပဋိသန္ဓေတည်နိုင်သောအစွမ်းကိုရရှိ၏။ အကြောင်းမူကား ကတိပေးတော်မူသောအရှင်သည် သစ္စာရှိသည်ဟုမှတ်ယူသောကြောင့်ဖြစ်၏။
12. ဤသို့ဖြင့် ကောင်းကင်ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေမှ မရေတွက်နိုင်သောသဲပွင့်များကဲ့သို့လည်းကောင်း များစွာသောသူတို့သည် သေသူကဲ့သို့ဖြစ်နေသောလူတစ်ဦးထံမှ ပေါက်ဖွားလာကြ၏။
13. ထိုသူအပေါင်းတို့သည် ကတိပေးတော်မူသောအရာများကို မခံစားရသော်လည်း ၎င်းတို့ကို အဝေးမှလှမ်းမြင်၍ ကြိုဆိုလက်ခံကာ မိမိတို့သည် မြေကြီးပေါ်၌ အာဂန္တုများနှင့်သူစိမ်းဧည့်သည်များသာဖြစ်ကြောင်း ဝန်ခံလျက် ယုံကြည်ရင်းသေလွန်ကြ၏။
14. ထိုသို့ဝန်ခံသောသူတို့သည် မိမိတို့နေရင်းပြည်ကို ကြိုးစားရှာဖွေနေကြောင်း ထင်ရှားစေကြ၏။
15. သူတို့သည် မိမိတို့ထွက်ခွာလာခဲ့သောပြည်ကို သတိရကြသည်မှန်လျှင် ပြန်ရသောအခွင့်အခါရှိခဲ့ပေလိမ့်မည်။
16. သို့သော် အမှန်အားဖြင့် သူတို့သည် အထက်ကောင်းကင်အရပ်၌ရှိသည့်ပြည်တည်းဟူသော သာ၍မြတ်သောပြည်ကို အလွန်တောင့်တနေကြ၏။ ထို့ကြောင့် ဘုရားသခင်သည် သူတို့၏ဘုရားဟုခေါ်ဝေါ်ခြင်းခံရသည်ကို ရှက်တော်မမူ။ အကြောင်းမူကား ကိုယ်တော်သည် သူတို့အတွက် မြို့တော်ကိုပြင်ဆင်ထားတော်မူ၏။
17. အာဗြဟံသည် စမ်းသပ်စစ်ဆေးခြင်းကိုခံရသောအခါ ယုံကြည်ခြင်းအားဖြင့် ဣဇက်ကိုပူဇော်၏။ ကတိတော်များကိုရရှိထားသောသူသည် တစ်ဦးတည်းသောသားကိုပူဇော်ရန်ပြင်ဆင်၏။
18. ထိုသားနှင့်ပတ်သက်၍ “ဣဇက်မှဆင်းသက်သောသူသည် သင်၏အမျိုးအနွယ်ဟူ၍ ခေါ်ဝေါ်ခြင်းခံရလိမ့်မည်”ဟု မြွက်ဆိုထား၏။
19. ဘုရားသခင်သည် သေလွန်သောသူတို့ကိုပင် ထမြောက်စေနိုင်သည်ဟု သူသည်မှတ်ယူလျက် ထိုသို့ပူဇော်၏။ ပုံဥပမာအဖြစ်ဆိုရလျှင် သူသည် ထိုသားကို သေသောသူတို့ထဲမှ ပြန်ရခဲ့၏။
20. ယုံကြည်ခြင်းအားဖြင့် ဣဇက်သည် နောင်ဖြစ်မည့်အရာများနှင့်ပတ်သက်၍ ယာကုပ်နှင့်ဧသောတို့ကို ကောင်းချီးပေး၏။
21. ယာကုပ်သည် သေချိန်နီးစဉ်တွင် ယုံကြည်ခြင်းအားဖြင့် ယောသပ်၏သားတစ်ဦးစီကို ကောင်းချီးပေး၍ မိမိတောင်ဝှေးထိပ်ကိုမှီလျက်ရှိခိုးလေ၏။
22. ယောသပ်သည် သေချိန်နီးစဉ်တွင် ယုံကြည်ခြင်းအားဖြင့် အစ္စရေးအမျိုးသားတို့၏ထွက်မြောက်ခြင်းအကြောင်းကို ပြောပြလျက် မိမိ၏အရိုးများနှင့်ပတ်သက်၍ မှာကြားခဲ့၏။