19. ဘုရားသခင်သည် သေလွန်သောသူတို့ကိုပင် ထမြောက်စေနိုင်သည်ဟု သူသည်မှတ်ယူလျက် ထိုသို့ပူဇော်၏။ ပုံဥပမာအဖြစ်ဆိုရလျှင် သူသည် ထိုသားကို သေသောသူတို့ထဲမှ ပြန်ရခဲ့၏။
20. ယုံကြည်ခြင်းအားဖြင့် ဣဇက်သည် နောင်ဖြစ်မည့်အရာများနှင့်ပတ်သက်၍ ယာကုပ်နှင့်ဧသောတို့ကို ကောင်းချီးပေး၏။
21. ယာကုပ်သည် သေချိန်နီးစဉ်တွင် ယုံကြည်ခြင်းအားဖြင့် ယောသပ်၏သားတစ်ဦးစီကို ကောင်းချီးပေး၍ မိမိတောင်ဝှေးထိပ်ကိုမှီလျက်ရှိခိုးလေ၏။
22. ယောသပ်သည် သေချိန်နီးစဉ်တွင် ယုံကြည်ခြင်းအားဖြင့် အစ္စရေးအမျိုးသားတို့၏ထွက်မြောက်ခြင်းအကြောင်းကို ပြောပြလျက် မိမိ၏အရိုးများနှင့်ပတ်သက်၍ မှာကြားခဲ့၏။
23. မောရှေဖွားမြင်သောအခါ အဆင်းလှသောသူငယ်ဖြစ်ကြောင်း သူ၏မိဘတို့မြင်သဖြင့် ရှင်ဘုရင်၏အမိန့်တော်ကိုပင်မကြောက်ဘဲ ယုံကြည်ခြင်းအားဖြင့် သူ့ကိုသုံးလပတ်လုံးဝှက်ထားကြ၏။
24. မောရှေသည် အရွယ်ရောက်သောအခါ ဖာရောဘုရင်သမီးတော်၏သားဟုခေါ်ဝေါ်ခြင်းခံရသည်ကိုငြင်းပယ်၍
25. အပြစ်နှင့်ဆိုင်သောပျော်ရွှင်မှုကို ခဏသာခံစားရခြင်းထက် ဘုရားသခင်၏လူမျိုးတော်နှင့်အတူ ဆင်းရဲဒုက္ခခံရခြင်းကို ယုံကြည်ခြင်းအားဖြင့်ရွေးချယ်၏။
26. သူသည် အကျိုးကျေးဇူးကို ရှေးရှုမျှော်မှန်းလျက်နေသောကြောင့် ခရစ်တော်အတွက်ကဲ့ရဲ့ပြစ်တင်ခြင်းခံရသည်ကို အီဂျစ်ပြည်၏ဥစ္စာဘဏ္ဍာများထက် ပို၍မြတ်သောစည်းစိမ်ဖြစ်သည်ဟု မှတ်ယူလေ၏။
27. သူသည် မမြင်ရသောအရှင်ကိုမြင်နေရသကဲ့သို့ သည်းခံတည်ကြည်ခဲ့သည်ဖြစ်၍ ရှင်ဘုရင်၏ပြင်းစွာသောဒေါသကိုပင်မကြောက်ဘဲ ယုံကြည်ခြင်းအားဖြင့် အီဂျစ်ပြည်ကိုစွန့်ခွါခဲ့၏။
28. သားဦးတို့ကိုဖျက်ဆီးသောသူသည် အစ္စရေးလူမျိုးတို့ကိုမထိခိုက်စေရန် သူသည် ယုံကြည်ခြင်းအားဖြင့် ပသခါပွဲတော်နှင့်သွေးဖျန်းခြင်းတို့ကို စီမံဆောင်ရွက်လေ၏။
29. အစ္စရေးအမျိုးသားတို့သည် ယုံကြည်ခြင်းအားဖြင့် ပင်လယ်နီကို ခြောက်သွေ့သောမြေကဲ့သို့ဖြတ်သွားကြ၏။ ထိုနည်းတူပြုရန် ကြံစည်အားထုတ်သောအီဂျစ်အမျိုးသားတို့သည် နစ်မြုပ်ကြကုန်၏။
30. ယုံကြည်ခြင်းအားဖြင့် ဂျေရိခေါမြို့ကို ခုနစ်ရက်တိုင်တိုင် ဝိုင်းရံလှည့်ပတ်ကြရာ မြို့ရိုးသည်ပြိုကျလေ၏။
31. ပြည့်တန်ဆာရာခပ်သည် ယုံကြည်ခြင်းအားဖြင့် သူလျှိုတို့ကို ငြိမ်းချမ်းစွာလက်ခံသောကြောင့် မယုံကြည်သောသူတို့နှင့်အတူမပျက်စီးခဲ့ရပေ။
32. ထို့ပြင် ထပ်၍ မည်သည့်အကြောင်းကို ပြောရဦးမည်နည်း။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုန်၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေလနှင့် ပရောဖက်တို့၏အကြောင်းများကိုပြောလျှင် အချိန်လောက်မည်မဟုတ်။
33. ထိုသူတို့သည် ယုံကြည်ခြင်းအားဖြင့် တိုင်းနိုင်ငံများကိုအောင်ခြင်း၊ ဖြောင့်မတ်စွာအုပ်ချုပ်ခြင်း၊ ကတိတော်များကိုခံစားရခြင်း၊ ခြင်္သေ့နှုတ်ကိုပိတ်ခြင်း၊
34. မီးအရှိန်ကိုငြိမ်းစေခြင်း၊ ဓားဘေးမှလွတ်မြောက်ခြင်း၊ အားနည်းရာမှ အားကြီးလာခြင်း၊ စစ်ပွဲ၌ ခွန်အားနှင့်ပြည့်စုံလာ၍ တိုင်းတစ်ပါးသားတို့၏စခန်းများကိုဖြိုခွင်းခြင်း စသည့်အမှုများကိုပြုခဲ့ကြ၏။