36. ထိုအသံတော်ထွက်ပေါ်လာပြီးသည့်နောက် ယေရှုတစ်ပါးတည်းကိုသာတွေ့မြင်ရတော့၏။ တပည့်တော်တို့သည် မိမိတို့တွေ့မြင်ရသည့်အရာကို ထိုနေ့ရက်များ၌ မည်သူ့ကိုမျှမပြောဘဲ တိတ်ဆိတ်စွာနေကြ၏။
37. နောက်တစ်နေ့တွင် သူတို့သည် တောင်ပေါ်မှဆင်းလာကြရာ များစွာသောလူထုပရိသတ်တို့သည် ကိုယ်တော်ကိုကြိုဆိုကြ၏။
38. ထိုအခါ လူထုပရိသတ်ထဲမှ လူတစ်ဦးက “ဆရာ၊ အကျွန်ုပ်၏သားကိုကြည့်ရှုပေးပါရန် အကျွန်ုပ်တောင်းပန်ပါ၏။ အကြောင်းမူကား သူသည် အကျွန်ုပ်၏တစ်ဦးတည်းသောသားဖြစ်ပါ၏။
39. နတ်သည် သူ့ကိုပူးဝင်သဖြင့် သူသည် ရုတ်တရက်အော်ဟစ်တတ်ပါ၏။ ထို့နောက် သူ့ကိုတက်စေလျက် သူ့ပါးစပ်မှအမြှုပ်များထွက်စေကာ သူ့ကိုပွန်းပဲ့နာကျင်စေပြီးလျှင် သူ့ထံမှထွက်ခဲလှပါ၏။
40. သို့ဖြစ်၍ ကိုယ်တော်၏တပည့်တော်တို့အား ထိုနတ်ကိုနှင်ထုတ်ပေးရန်တောင်းပန်သော်လည်း သူတို့သည် မတတ်နိုင်ကြပါ”ဟု အော်ဟစ်လျှောက်ထားလေ၏။
41. ယေရှုကလည်း “အို ယုံကြည်ခြင်းမရှိ၊ ဖောက်ပြန်လမ်းလွဲသောမျိုးဆက်၊ ငါသည် သင်တို့နှင့်အတူ မည်မျှကြာအောင်နေ၍ သင်တို့ကိုသည်းခံရမည်နည်း။ သင်၏သားကို ဤနေရာသို့ခေါ်ခဲ့လော့”ဟု မိန့်တော်မူ၏။
42. သူငယ်လာနေစဉ်တွင် နတ်ဆိုးသည် သူ့ကိုလှဲချကာ တက်စေ၏။ ယေရှုသည် ညစ်ညူးသောနတ်ကိုဆုံးမ၍ သူငယ်ကိုကျန်းမာစေပြီးလျှင် သူ့ကို ဖခင်ထံ ပြန်အပ်တော်မူ၏။
43. ထိုအခါ လူအပေါင်းတို့သည် ဘုရားသခင်၏ကြီးမြတ်သောတန်ခိုးတော်ကို အံ့သြချီးမွမ်းကြ၏။ ကိုယ်တော်ပြုတော်မူသောအရာအားလုံးကို လူအပေါင်းတို့အံ့သြနေကြစဉ် ကိုယ်တော်သည် တပည့်တော်တို့အား
44. “ဤစကားများကို သင်တို့နားထဲ၌ စွဲမြဲစေကြလော့။ လူ့သားသည် လူတို့၏လက်သို့ အပ်နှံခြင်းခံရတော့မည်”ဟု မိန့်တော်မူ၏။
45. သို့သော် ထိုစကားကို တပည့်တော်တို့နားမလည်စေရန် ဖုံးကွယ်ထားသဖြင့် သူတို့သည် နားမလည်ကြချေ။ ထိုစကားနှင့်ပတ်သက်၍ ကိုယ်တော်အားမေးရန်လည်း သူတို့ကြောက်ကြ၏။
46. ထို့နောက် တပည့်တော်တို့သည် မိမိတို့တွင် မည်သူသည် အကြီးမြတ်ဆုံးဖြစ်သနည်းဟု အချင်းချင်းငြင်းခုံကြ၏။
47. ယေရှုသည် သူတို့၏စိတ်နှလုံးတွေးတောဆင်ခြင်မှုကို သိတော်မူလျက် သူငယ်တစ်ဦးကိုခေါ်၍ မိမိအနားတွင်ရပ်စေပြီးလျှင်
48. “ဤသူငယ်တစ်ဦးကို ငါ၏နာမ၌ လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူသည် ငါ့ကိုစေလွှတ်တော်မူသောအရှင်ကိုလက်ခံ၏။ အကြောင်းမူကား သင်တို့အားလုံးတွင် အငယ်ဆုံးသောသူသည် ကြီးမြတ်သောသူဖြစ်၏”ဟု မိန့်တော်မူ၏။
49. ထိုအခါ ယောဟန်က “သခင်၊ သခင်၏နာမဖြင့် နတ်ဆိုးများနှင်ထုတ်နေသူတစ်ဦးကို အကျွန်ုပ်တို့တွေ့ခဲ့ပါသည်။ သူသည် အကျွန်ုပ်တို့နှင့်အတူမလိုက်သောကြောင့် သူ့ကိုတားမြစ်ခဲ့ပါသည်”ဟု လျှောက်လေ၏။