7. ထိုအခါ သူတို့သည် အခြားသောလှေပေါ်တွင်ရှိသောအပေါင်းအဖော်တို့အား လာ၍ မိမိတို့ကိုကူညီကြရန် အချက်ပြသဖြင့် ထိုသူတို့သည်လာ၍ လှေနှစ်စင်းစလုံးတွင် ငါးကိုအပြည့်ထည့်လိုက်ရာ လှေသည်နစ်လုမတတ်ဖြစ်လေ၏။
8. ရှိမုန်ပေတရုသည် ထိုအခြင်းအရာကိုမြင်လျှင် ယေရှု၏ခြေတော်ရင်း၌ ပျပ်ဝပ်လျက် “သခင်၊ အကျွန်ုပ်သည် အပြစ်များသောသူဖြစ်၍ အကျွန်ုပ်ထံမှ ကြွသွားတော်မူပါ”ဟု လျှောက်လေ၏။
9. ဤသို့လျှောက်သည်မှာ ဖမ်းမိသောငါးများပြားသဖြင့် ရှိမုန်နှင့် သူ၏အပေါင်းအဖော်အားလုံးသည် အံ့အားသင့်ကြသောကြောင့်ဖြစ်၏။
10. ရှိမုန်၏အပေါင်းအဖော်များဖြစ်ကြသော ဇေဗေဒဲ၏သား ယာကုပ်နှင့်ယောဟန်တို့သည်လည်း အံ့အားသင့်ကြ၏။ ယေရှုကလည်း “မကြောက်နှင့်။ သင်သည် ယခုမှစ၍ လူကိုဖမ်းလိမ့်မည်”ဟု ရှိမုန်အား မိန့်တော်မူ၏။
11. ထိုအခါ သူတို့သည် လှေကို ကုန်းပေါ်တင်ပြီးလျှင် ရှိသမျှကိုစွန့်၍ နောက်တော်သို့လိုက်ကြ၏။
12. ကိုယ်တော်သည် မြို့တစ်မြို့၌ရှိတော်မူစဉ် တစ်ကိုယ်လုံးအနာကြီးရောဂါစွဲကပ်နေသူတစ်ဦးသည် ယေရှုကိုမြင်လျှင် ပျပ်ဝပ်လျက် “သခင်ဘုရား၊ ကိုယ်တော်အလိုရှိလျှင် အကျွန်ုပ်ကို စင်ကြယ်စေနိုင်ပါသည်”ဟု တောင်းပန်လေ၏။
13. ကိုယ်တော်သည်လက်တော်ကိုဆန့်၍ ထိုသူကိုတို့ထိကာ “ငါအလိုရှိ၏။ စင်ကြယ်ခြင်းသို့ရောက်စေ”ဟု မိန့်တော်မူ၏။ ထိုခဏချင်းတွင် သူ၏အနာကြီးရောဂါသည် ပျောက်ကင်းသွားလေ၏။
14. ထိုအခါ ကိုယ်တော်သည် မည်သူ့ကိုမျှမပြောရန် သူ့အားမိန့်မှာလျက် “ယဇ်ပုရောဟိတ်ထံသို့သာသွား၍ သင့်ကိုယ်သင်ပြပြီးလျှင် လူတို့ရှေ့၌ သက်သေဖြစ်စေရန် မောရှေပညတ်ထားသည့်အတိုင်း သင်၏စင်ကြယ်ခြင်းဝတ်အတွက် ပူဇော်သက္ကာကို ဆက်သလော့”ဟု မိန့်တော်မူ၏။