7. သူတို့ကလည်း “ဆရာ၊ သို့ဖြစ်လျှင် ထိုအခြင်းအရာများသည် မည်သည့်အချိန်၌ ဖြစ်ပျက်လာမည်နည်း။ ၎င်းတို့ဖြစ်ပျက်လာတော့မည့်အချိန်တွင် မည်သည့်အတိတ်နိမိတ်ပေါ်ထွန်းလာမည်နည်း”ဟု မေးလျှောက်ကြ၏။
8. ကိုယ်တော်ကလည်း “သင်တို့သည် လှည့်ဖြားခြင်းမခံရစေရန် သတိပြုကြလော့။ အကြောင်းမူကား များစွာသောသူတို့သည် ငါ့အဖြစ်အယောင်ဆောင်လျက်ရောက်လာ၍ ‘ငါသည် ထိုသူပင်ဖြစ်၏’ဟူ၍လည်းကောင်း၊ ‘အချိန်နီးကပ်လာပြီ’ဟူ၍လည်းကောင်း ဆိုကြလိမ့်မည်။ ထိုသူတို့၏နောက်သို့မလိုက်ကြနှင့်။
9. သင်တို့သည် စစ်ပွဲများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းအကြောင်းတို့ကို ကြားရသောအခါ ထိတ်လန့်ခြင်းမရှိကြနှင့်။ အကြောင်းမူကား ထိုအရာများသည် ဦးစွာဖြစ်ပျက်ရမည်။ သို့သော် အဆုံးသည် ချက်ချင်းမရောက်သေး”ဟု မိန့်တော်မူ၏။
10. ထို့နောက် ကိုယ်တော်က “လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံတို့သည် ရန်ဘက်ပြုကြ၍
11. အရပ်ရပ်တို့၌ ပြင်းထန်သောငလျင်လှုပ်ခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်းနှင့် ကပ်ရောဂါဆိုက်ခြင်းတို့ဖြစ်ကြလိမ့်မည်။ မိုးကောင်းကင်၌လည်း ကြောက်မက်ဖွယ်ရာများနှင့် ကြီးမားသောအတိတ်နိမိတ်များပေါ်ထွန်းကြလိမ့်မည်။
12. သို့သော် ဤအခြင်းအရာအားလုံးမဖြစ်မီ လူတို့သည် သင်တို့ကိုဖမ်းဆီး၍ ညှဉ်းဆဲကာ ဝတ်ပြုစည်းဝေးကျောင်းများနှင့် ထောင်များထဲသို့ ပို့ကြလိမ့်မည်။ သင်တို့သည် ငါ၏နာမအတွက်ကြောင့် ရှင်ဘုရင်များနှင့်ဘုရင်ခံများရှေ့သို့ ခေါ်ဆောင်သွားခြင်းခံရကြလိမ့်မည်။
13. ဤအမှုအရာသည် သင်တို့သက်သေခံရသောအခွင့်အရေးဖြစ်လာလိမ့်မည်။
14. ထို့ကြောင့် မည်သို့ချေပပြောဆိုရမည်ကို ကြိုတင်၍မစဉ်းစားရန် သင်တို့၏စိတ်နှလုံးထဲ၌ ဆုံးဖြတ်ထားကြလော့။
15. အကြောင်းမူကား သင်တို့ကို ဆန့်ကျင်သောသူတစ်စုံတစ်ဦးမျှ မငြင်းခုံမဟန့်တားနိုင်သော နှုတ်အစွမ်းနှင့်ဉာဏ်ပညာတို့ကို သင်တို့အား ငါပေးမည်။
16. သင်တို့၏မိဘ၊ ညီအစ်ကို၊ ဆွေမျိုးနှင့် မိတ်ဆွေတို့ပင်လျှင် သင်တို့ကိုအပ်နှံကြလိမ့်မည်။ သင်တို့တွင် အချို့တို့သည် အသေသတ်ခြင်းခံရကြလိမ့်မည်။
17. လူအပေါင်းတို့သည်လည်း ငါ့နာမကြောင့် သင်တို့ကိုမုန်းတီးကြလိမ့်မည်။
18. သို့သော် သင်တို့ဦးခေါင်းမှ ဆံပင်တစ်ပင်မျှမပျက်စီးရ။
19. သင်တို့သည် သည်းခံသောအားဖြင့် သင်တို့အသက်ကိုရရှိကြလိမ့်မည်။
20. ဂျေရုဆလင်မြို့အား စစ်မက်ဗိုလ်ခြေတို့ဝိုင်းရံကြသည်ကိုသင်တို့တွေ့မြင်ကြသောအခါ ထိုမြို့၏ပျက်စီးဆိတ်သုဉ်းခြင်းနီးကပ်လာပြီဖြစ်ကြောင်း သိမှတ်ကြလော့။
21. ထိုအခါ ယုဒနယ်၌ရှိသောသူတို့သည် တောင်များပေါ်သို့ထွက်ပြေးကြစေ။ မြို့ထဲ၌ရှိသောသူတို့သည် မြို့ပြင်သို့ထွက်ကြစေ။ ကျေးလက်ဒေသ၌ရှိသောသူတို့သည်လည်း မြို့ထဲသို့မဝင်ကြစေနှင့်။
22. အကြောင်းမူကား ထိုနေ့ရက်များသည် ကျမ်းစာ၌ရေးထားသောအရာအားလုံးပြည့်စုံမည့် ပြစ်ဒဏ်ပေးရာနေ့ရက်များဖြစ်၏။
23. ထိုနေ့ရက်များ၌ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် နို့စို့ကလေးငယ်ရှိသောမိခင်များသည် စိတ်မချမ်းမြေ့ဖွယ်ဖြစ်ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤပြည်အပေါ်၌ ကြီးစွာသောဒုက္ခဆင်းရဲခြင်းကျရောက်၍ ဤလူမျိုးအပေါ်၌အမျက်တော်သက်ရောက်လိမ့်မည်။
24. သူတို့သည် ဓားဘေးဖြင့်ကျဆုံး၍ အခြားသောပြည်အရပ်ရပ်သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကြလိမ့်မည်။ လူမျိုးခြားတို့သည်လည်း မိမိတို့အချိန်အခါများပြည့်စုံသည်အထိ ဂျေရုဆလင်မြို့ကို နင်းခြေကြလိမ့်မည်။