16. ပထမတစ်ဦးသည် လာ၍ ‘သခင်၊ သခင်၏ငွေတစ်မိနာ့အားဖြင့် ငွေဆယ်မိနာ့အမြတ်ရပါသည်’ဟု လျှောက်လေ၏။
17. သခင်ကလည်း ‘ကောင်းလေစွ။ အစေအပါးကောင်း၊ သင်သည် သေးငယ်သောအမှု၌ သစ္စာရှိသောကြောင့် မြို့ဆယ်မြို့ကိုအုပ်ချုပ်လော့’ဟု ဆိုလေ၏။
18. ဒုတိယတစ်ဦးသည်လည်း လာ၍ ‘သခင်၊ သခင်၏ငွေတစ်မိနာ့အားဖြင့် ငွေငါးမိနာ့အမြတ်ရပါသည်’ဟု လျှောက်လေ၏။
19. သခင်ကလည်း ‘သင်သည် မြို့ငါးမြို့ကိုအုပ်ချုပ်လော့’ဟု ဆို၏။
20. ထို့နောက် အခြားတစ်ဦးသည်လာ၍ ‘သခင်၊ ကြည့်ပါ။ ပဝါထဲ၌ အကျွန်ုပ်ထုပ်၍သိမ်းထားသော သခင်၏ငွေတစ်မိနာ့ရှိပါသည်။
21. သခင်သည် စည်းကမ်းကြီး၍တိကျသောသူဖြစ်ပြီး မိမိမထည့်သွင်းထားသောအရာကိုထုတ်ယူလျက် မိမိမစိုက်ပျိုးသည့်အရာကို ရိတ်သိမ်းတတ်သောကြောင့် အကျွန်ုပ်ကြောက်ပါသည်’ဟု လျှောက်လေ၏။
22. သခင်ကလည်း ‘ဆိုးညစ်သောအစေအပါး၊ သင်၏နှုတ်ထွက်စကားအတိုင်း သင့်ကို ငါစီရင်မည်။ ငါသည် မထည့်သွင်းထားသောအရာကိုထုတ်ယူ၍ မစိုက်ပျိုးသည့်အရာကို ရိတ်သိမ်းတတ်သည့် စည်းကမ်းကြီး၍တိကျသောသူဖြစ်ကြောင်း သင်သိသည်မှန်လျှင်
23. အဘယ်ကြောင့် ငါ၏ငွေကို ငွေတိုးပေးသူလက်၌ မအပ်ထားသနည်း။ သို့ပြုလျှင် ငါပြန်လာသောအခါ ၎င်းကို အတိုးနှင့်တကွ ငါရရှိခဲ့ပေလိမ့်မည်’ဟု ဆိုလေ၏။
24. ထို့နောက် အနီး၌ရပ်နေသောသူတို့အား ‘ထိုငွေတစ်မိနာ့ကို သူ့ထံမှယူ၍ ငွေဆယ်မိနာ့ရှိသူအားပေးကြလော့’ဟု ဆို၏။
25. သူတို့ကလည်း ‘သခင်၊ ထိုသူ၌ ငွေဆယ်မိနာ့ရှိနေပါပြီ’ဟု လျှောက်ကြလျှင်
26. သခင်က ‘သင်တို့ကို ငါဆိုသည်ကား ရှိသောသူတိုင်းအား ထပ်၍ပေးဦးမည်။ မရှိသောသူမူကား သူ၌ရှိသောအရာပင် သူ့ထံမှ သိမ်းယူခြင်းခံရလိမ့်မည်။
27. ထိုမှတစ်ပါး ငါအုပ်ချုပ်ရန်အလိုမရှိကြသော ငါ၏ရန်သူများကို ဤနေရာသို့ခေါ်ဆောင်ခဲ့၍ ငါ၏ရှေ့မှောက်တွင် သူတို့ကိုကွပ်မျက်ကြလော့’ဟု ဆိုလေ၏”ဟူ၍ မိန့်တော်မူ၏။
28. ကိုယ်တော်သည် ထိုသို့မိန့်တော်မူပြီးနောက် ရှေ့သို့ခရီးသွားလျက် ဂျေရုဆလင်မြို့သို့တက်သွားတော်မူ၏။
29. သံလွင်ဟုခေါ်သောတောင်အနီးရှိ ဗက်ဖာဂေရွာနှင့်ဗေသနိရွာအနီးသို့ ရောက်တော်မူသောအခါ တပည့်တော်နှစ်ပါးကိုစေလွှတ်၍
30. “သင်တို့ရှေ့ကရွာထဲသို့ သွားကြလော့။ ရွာထဲသို့ဝင်သည်နှင့် မည်သူမျှမစီးဖူးသော မြည်းကလေးတစ်ကောင်ချည်ထားသည်ကို တွေ့ကြလိမ့်မည်။ ၎င်းကိုကြိုးဖြေ၍ ခေါ်ဆောင်လာကြလော့။
31. တစ်စုံတစ်ယောက်က ‘အဘယ်ကြောင့်ကြိုးဖြေကြသနည်း’ဟု သင်တို့ကို မေးလျှင် ‘သခင်ဘုရားအလိုရှိသည်’ဟု ပြောကြလော့”ဟူ၍ မိန့်တော်မူ၏။