33. ထိုအခါ ယေရှုက “ငါသည် သင်တို့နှင့်အတူ နောက်ထပ် ခဏနေပြီးလျှင် ငါ့ကိုစေလွှတ်တော်မူသောအရှင်ထံသို့ သွားမည်။
34. သင်တို့သည် ငါ့ကိုရှာကြသော်လည်း တွေ့မည်မဟုတ်။ ငါရှိရာအရပ်သို့လည်း သင်တို့မလာနိုင်ကြ”ဟု မိန့်တော်မူ၏။
35. ဂျူးလူမျိုးတို့ကလည်း “ငါတို့ရှာ၍မတွေ့စေရန် ဤသူသည် မည်သည့်အရပ်သို့သွားရန် ကြံရွယ်နေသနည်း။ ဂရိလူမျိုးတို့ရှိရာအရပ်ရပ်တို့၌ ကွဲလွင့်ပျံ့နှံ့နေသောသူတို့ထံသို့သွား၍ ဂရိလူမျိုးတို့ကိုသွန်သင်ရန် ကြံရွယ်နေသလော။
36. ‘သင်တို့သည် ငါ့ကိုရှာကြသော်လည်း တွေ့မည်မဟုတ်။ ငါရှိရာအရပ်သို့လည်း သင်တို့မလာနိုင်ကြ’ဟူ၍ သူပြောသောစကား၏အဓိပ္ပာယ်မှာ မည်သို့နည်း”ဟု အချင်းချင်းပြောဆိုကြ၏။
37. ထိုပွဲတော်၏ကြီးမြတ်သောနေ့ဖြစ်သည့် နောက်ဆုံးနေ့၌ ယေရှုသည်ရပ်လျက် “မည်သူမဆို ရေငတ်လျှင် ငါ့ထံသို့လာ၍ သောက်လော့။
38. ငါ့ကိုယုံကြည်သောသူသည် ကျမ်းစာကဆိုထားသည့်အတိုင်း သူ၏နှလုံးသားအထဲမှ အသက်ရေမြစ်များ စီးထွက်လိမ့်မည်”ဟု ကြွေးကြော်တော်မူ၏။
39. ဤသည်ကား ကိုယ်တော်ကိုယုံကြည်သောသူတို့ခံယူရရှိမည့် ဝိညာဉ်တော်ကိုရည်ညွှန်း၍ မိန့်တော်မူခြင်းဖြစ်၏။ အကြောင်းမူကား ယေရှုသည် ဘုန်းတော်ထင်ရှားခြင်းမရှိသေးသဖြင့် ဝိညာဉ်တော်ကိုပေးတော်မမူသေး။
40. လူထုပရိသတ်ထဲမှ အချို့တို့သည် ဤတရားစကားတို့ကိုကြားသောအခါ “ဤသူသည် အမှန်ပင် ထိုပရောဖက်ဖြစ်သည်”ဟု ဆိုကြ၏။