10. ငါသည် ခမည်းတော်ထံသို့သွား၍ သင်တို့သည် ငါ့ကိုတွေ့မြင်ရတော့မည်မဟုတ်သောကြောင့် ဖြောင့်မတ်ခြင်းအကြောင်းကိုလည်းကောင်း၊
11. ဤလောကကိုအုပ်ချုပ်သူသည် တရားစီရင်ခြင်းခံရပြီဖြစ်သောကြောင့် တရားစီရင်ခြင်းအကြောင်းကိုလည်းကောင်း ဖော်ပြမည်။
12. သင်တို့အား ငါပြောစရာများစွာရှိသေးသော်လည်း သင်တို့သည် ယခုမခံယူနိုင်ကြ။
13. သို့ရာတွင် သမ္မာတရား၏ဝိညာဉ်တော်ရောက်လာသောအခါ သမ္မာတရားအလုံးစုံထဲသို့ သင်တို့ကို လမ်းပြပို့ဆောင်တော်မူလိမ့်မည်။ အကြောင်းမူကား ထိုဝိညာဉ်တော်သည် မိမိဆန္ဒအလျောက် မြွက်ဆိုတော်မမူဘဲ ကြားရသမျှတို့ကို မြွက်ဆိုတော်မူ၍ နောင်ဖြစ်လာမည့်အရာတို့ကို သင်တို့အား ဖော်ပြတော်မူလိမ့်မည်။
14. ထိုအရှင်သည် ငါနှင့်ဆိုင်သောအရာကိုယူ၍ သင်တို့အား ဖော်ပြမည်ဖြစ်သောကြောင့် ငါ့ဘုန်းကိုထင်ရှားစေမည်။
15. ခမည်းတော်၌ရှိသောအရာအားလုံးတို့သည် ငါနှင့်ဆိုင်သောအရာဖြစ်၏။ ထို့ကြောင့် ဝိညာဉ်တော်သည် ငါနှင့်ဆိုင်သောအရာကိုယူ၍ သင်တို့အားဖော်ပြမည်ဟု ငါဆိုခဲ့၏။
16. ခဏကြာလျှင် သင်တို့သည် ငါ့ကိုမြင်ကြရတော့မည်မဟုတ်။ သို့ရာတွင် နောက်ထပ် ခဏကြာလျှင် ငါ့ကိုပြန်တွေ့မြင်ကြရလိမ့်မည်”ဟု မိန့်တော်မူ၏။
17. ထိုအခါ တပည့်တော်အချို့တို့သည် “‘ခဏကြာလျှင် သင်တို့သည် ငါ့ကိုမြင်ကြရမည်မဟုတ်။ သို့ရာတွင် နောက်ထပ် ခဏကြာလျှင် ငါ့ကိုပြန်တွေ့မြင်ကြရလိမ့်မည်’ဟူ၍လည်းကောင်း၊ ‘ငါသည် ခမည်းတော်ထံသို့ သွားတော့မည်’ဟူ၍လည်းကောင်း ငါတို့အား မိန့်တော်မူသောဤစကားမှာ မည်သို့နည်း”ဟု အချင်းချင်းပြောဆိုကြ၏။
18. တစ်ဖန် သူတို့က “‘ခဏကြာလျှင်’ဟူ၍ မိန့်တော်မူသောဤစကားမှာ မည်သို့နည်း။ ကိုယ်တော်မိန့်တော်မူသောအရာကို ငါတို့နားမလည်ကြ”ဟု ပြောဆိုကြ၏။
19. ယေရှုသည် မိမိအား တပည့်တော်တို့မေးလျှောက်လိုကြသည်ကို သိမြင်တော်မူလျှင် “‘ခဏကြာလျှင် သင်တို့သည် ငါ့ကိုမြင်ကြရမည်မဟုတ်။ သို့ရာတွင် နောက်ထပ် ခဏကြာလျှင် ငါ့ကိုပြန်တွေ့မြင်ကြရလိမ့်မည်’ဟု ငါပြောသောစကားနှင့်ပတ်သက်၍ အချင်းချင်းမေးမြန်းပြောဆိုနေကြသလော။
20. သင်တို့အား ငါအမှန်အကန်ဆိုမည်။ သင်တို့သည် ငိုကြွေးလျက်မြည်တမ်းကြလိမ့်မည်။ ဤလောကမူကား ဝမ်းမြောက်လိမ့်မည်။ သင်တို့သည် ဝမ်းနည်းကြသော်လည်း သင်တို့၏ဝမ်းနည်းခြင်းသည် ဝမ်းမြောက်ခြင်းဖြစ်သွားလိမ့်မည်။
21. အမျိုးသမီးတစ်ဦးသည် သားဖွားသောအခါ မွေးဖွားချိန်ရောက်လာသောကြောင့် ပူဆွေးခြင်းရှိတတ်၏။ သို့ရာတွင် ကလေးမွေးဖွားပြီးသောအခါ ဤလောကတွင် လူတစ်ယောက်ဖွားမြင်သည့်အတွက် ဝမ်းမြောက်ခြင်းရှိသဖြင့် ခံစားခဲ့ရသောဒုက္ခဝေဒနာကို သတိမရတော့ပေ။
22. ထို့အတူ သင်တို့သည် ယခုဝမ်းနည်းခြင်းရှိကြသော်လည်း ငါသည် သင်တို့နှင့် တစ်ဖန် ပြန်တွေ့မည်ဖြစ်သောကြောင့် သင်တို့၏စိတ်နှလုံးသည် ဝမ်းမြောက်ခြင်းဖြင့် ပြည့်စုံကြလိမ့်မည်။ ထိုဝမ်းမြောက်ခြင်းကို မည်သူမျှ သင်တို့ထံမှ မနုတ်ယူနိုင်ရာ။
23. ထိုနေ့၌ သင်တို့သည် မည်သည့်အရာကိုမျှ ငါ့အားမေးမြန်းကြလိမ့်မည်မဟုတ်။ သင်တို့အား ငါအမှန်အကန်ဆိုမည်။ သင်တို့သည် တစ်စုံတစ်ခုကို ငါ၏နာမ၌ ခမည်းတော်ထံ တောင်းလျှောက်ကြလျှင် ခမည်းတော်သည်ပေးတော်မူမည်။