1. ခရစ်တော်ယေရှုနှင့်ဆိုင်သောအကျဉ်းသားငါပေါလုနှင့် ငါ့ညီတိမောသေတို့သည် ချစ်ရသောငါတို့၏လုပ်ဖော်ဆောင်ဖက် ဖိလေမုန်မှစ၍
2. ငါတို့နှမအပ္ပိ၊ ငါတို့၏ရဲဘော်ရဲဘက်အာခိပ္ပုနှင့် သင်၏အိမ်၌စုဝေးသောအသင်းတော်ထံသို့ စာရေးလိုက်ပါ၏။
3. ငါတို့အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်ထံမှ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။
4. ငါသည် ငါ၏ဆုတောင်းချက်များထဲတွင် သင့်ကိုအစဉ်သတိရလျက် ငါ၏ဘုရားသခင်ကို ကျေးဇူးတင်၏။
5. အဘယ်ကြောင့်ဆိုသော် သခင်ယေရှုနှင့် သန့်ရှင်းသူအပေါင်းတို့အပေါ်၌ သင်ထားရှိသော သင်၏ချစ်ခြင်းမေတ္တာနှင့်ယုံကြည်ခြင်းအကြောင်းကို ငါတို့ကြားရသောကြောင့်ဖြစ်၏။
6. ထို့ကြောင့် ခရစ်တော်အတွက် ငါတို့၌ရှိသည့် ကောင်းသောအရာအားလုံးတို့ကို သိခြင်းအားဖြင့် သင်၏ယုံကြည်ခြင်းနှင့်ဆိုင်သောမိတ်သဟာယဖွဲ့ခြင်းသည် ထိရောက်မှုရှိသောအရာဖြစ်လာရန် ငါဆုတောင်း၏။
7. ငါ့ညီ၊ သန့်ရှင်းသူတို့၏စိတ်နှလုံးသည် သင့်အားဖြင့် ငြိမ်သက်ချမ်းသာမှုကိုခံစားရပြီဖြစ်၍ သင်၏ချစ်ခြင်းမေတ္တာကြောင့် ကြီးစွာသောဝမ်းမြောက်ခြင်းနှင့် တိုက်တွန်းအားပေးခြင်းတို့ကို ငါခံစားရ၏။
8. ထို့ကြောင့် ငါသည် သင်ပြုသင့်သည့်အရာကိုပြုရန် အမိန့်ပေးနိုင်သည်ဟု ခရစ်တော်အားဖြင့် ယုံကြည်စိတ်ချမှုအပြည့်အဝရှိသော်လည်း
9. ချစ်ခြင်းမေတ္တာအားဖြင့် သင့်အား တောင်းပန်ခြင်းအမှုကိုသာပြုပါ၏။ ဤသို့ အိုမင်းသူဖြစ်ပြီး ယခုမူကား ခရစ်တော်ယေရှုနှင့်ဆိုင်သောအကျဉ်းသားလည်းဖြစ်သည့် ငါပေါလုသည်
10. အချုပ်အနှောင်ခံရစဉ် ငါ့သားဖြစ်လာသောဩနေသိမ်အတွက် သင့်ကိုတောင်းပန်ပါ၏။
11. သူသည် ယခင်က သင့်အတွက် အသုံးမဝင်သူဖြစ်ခဲ့သော်လည်း ယခုမူကား သင့်အတွက်ရော ငါ့အတွက်ပါ အသုံးဝင်သူဖြစ်လာ၏။