1. ဟေဇကိသည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ နှစ်ဆယ်ကိုးနှစ်စိုးစံလေ၏။ မယ်တော်ကား၊ ဇာခရိသမီး အာဘိအမည်ရှိ၏။
2. ထိုမင်းသည် အဘဒါဝိဒ်ကျင့်သမျှအတိုင်း ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကိုပြု၏။
3. နန်းစံပဌမနှစ်၊ ပဌမလတွင် ဗိမာန်တော်တံခါးတို့ကို ဖွင့်၍ ပြုပြင်တော်မူ၏။
4. ယဇ်ပုရောဟိတ်လေဝိသားတို့ကို ခေါ်၍၊ အရှေ့လမ်းမှာ စုဝေးစေလျက်၊
5. အိုလေဝိသားတို့၊ နားထောင်ကြလော့။ ကိုယ်ကို၎င်း၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရား၏အိမ်တော်ကို၎င်း၊ သန့်ရှင်းစေ၍၊ သန့်ရှင်းရာဌာနထဲက အမှိုက်ကို သုတ်သင်ပယ်ရှင်းကြလော့။
6. ငါတို့အဘများသည် ပြစ်မှား၍၊ ငါတို့၏ ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြုကြပြီ။ ထာဝရဘုရားကိုစွန့်၍၊ ကျိန်းဝပ်တော်မူရာအရပ်မှ မျက်နှာလွှဲလျက် ကျောခိုင်းကြပြီတကား။
7. ဗိမာန်တော်ဦးတံခါးကို ပိတ်လျက်၊ မီးခွက်တို့ကိုသတ်လျက်၊ သန့်ရှင်းရာဌာန၌ ဣသရေအမျိုး၏ ဘုရားသခင်အား နံ့သာပေါင်းကို မီးမရှို့။ မီးရှို့ရာယဇ်ကို မပူဇော်ဘဲနေကြပြီ။
8. ထိုကြောင့် ထာဝရဘုရားသည် ယုဒပြည် ယေရုရှလင်မြို့ကို အမျက်တော်ထွက်၍၊ သင်တို့မြင်သည်အတိုင်း ဆင်းရဲခံခြင်း၊ မိန်းမောတွေဝေခြင်း၊ ကဲရဲ့သံကို ကြားခြင်း အမှု၌အပ်တော်မူပြီ။
9. သို့ဖြစ်၍၊ ငါတို့အဘများသည် ထားဖြင့်လဲ သေကြပြီ။ သားသမီး၊ မယားတို့သည် သိမ်းသွားခြင်းကို ခံရကြပြီ။
10. ယခုမူကား၊ ပြင်းစွာသောအမျက်တော်သည် ငါတို့မှလွှဲသွားမည်အကြောင်း၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားနှင့် ပဋိညာဉ်ဖွဲ့မည်ဟု ငါအကြံရှိ၏။