38. အိမ်တံခါးပြင်သို့ထွက်၍၊ ထိုအိမ်ကို ခုနစ်ရက်ပတ်လုံးပိတ်ထားရမည်။
39. သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည်အကြည့်အရှုလာ၍၊ ကျောက်ထရံ၌ အနာတိုးပွားလျှင်၊
40. အနာစွဲသော ကျောက်တို့ကိုနှုတ်ပယ်၍၊ မြို့ပြင်မစင်ကြယ်သောအရပ်၌ ပစ်ထားစေခြင်းငှါ ယဇ်ပုရောဟိတ်စီရင်၍၊
41. ထိုအိမ်ကို အတွင်းပတ်လည်၌ခြစ်စေရမည်။ ခြစ်၍ကျသော အမှုန့်ကိုလည်း မြို့ပြင်မစင်ကြယ်သောအရပ်၌ သွန်ပစ်ရမည်။
42. အရင်ကျောက်အစား၌ အခြားသောကျောက်ကိုယူ၍ထည့်ပြီးလျှင်၊ အသစ်သောအင်္ဂတေနှင့် မွမ်းမံရမည်။
43. ထိုသို့ကျောက်ကိုနှုတ်ပယ်၍ အိမ်ကိုခြစ်ခြင်း၊ အသစ်မွမ်းမံခြင်းကိုပြုပြီးမှ၊ တဖန်အနာစွဲပြန်လျှင်၊
44. ယဇ်ပုရောဟိတ်လည်းအကြည့်အရှုလာ၍ ထိုအိမ်၌ အနာတိုးပွါးသည်မှန်လျှင်၊ စားတတ်သောနူနာဖြစ်၏။
45. ထိုအိမ်သည်မစင်ကြယ်သောကြောင့်၊ ကျောက်၊ သစ်သား၊ အင်္ဂတေရှိသမျှကို ဖြိုဖျက်၍၊ မြို့ပြင် မစင်ကြယ်သောအရပ်သို့ယူသွားရမည်။
46. ထိုမှတပါး၊ ထိုအိမ်ကို ပိတ်ထားသည်ကာလပတ်လုံး၊ အထဲသို့ ဝင်မိသောသူသည်၊ ညဦးတိုင်အောင်မစင်ကြယ်။
47. ထိုအိမ်၌အိပ်သောသူ၊ စားသောက်သောသူသည်၊ မိမိအဝတ်ကိုလျှော်ရမည်။
48. ယဇ်ပုရောဟိတ်သည် အကြည့်အရှုလာသောအခါ၊ အိမ်ကိုအသစ်မွမ်းမံပြီးမှ အနာမတိုးပွါးလျှင်၊ အနာပျောက်သောကြောင့် ထိုအိမ်သည်စင်ကြယ်၏ဟု စီရင်ရမည်။
49. ထိုအိမ်ကိုစင်ကြယ်စေခြင်းငှါ ငှက်နှစ်ကောင်၊ အာရဇ်သစ်သား၊ နီမောင်းသောကြိုး၊ ဟုဿုပ်ပင်ညွန့်တို့ကိုယူ၍၊
50. စီးသောရေကိုထည့်သောမြေအိုးထဲ၌ ငှက်တကောင်ကိုသတ်ပြီးမှ၊
51. အာရဇ်သစ်သား၊ ဟုဿုပ်ပင်ညွှန့်၊ နီသောကြိုး၊ အသက်ရှင်သောငှက်ကိုယူ၍ ငှက်သွေးရောသော ရေ၌နှစ်ပြီးလျှင်၊ ထိုအိမ်ကို ခုနစ်ကြိမ်တိုင်အောင်ဖြန်းရမည်။
52. ထိုသို့ငှက်သွေးအစရှိသည်တို့နှင့် ထိုအိမ်ကိုစင်ကြယ်စေပြီးမှ၊
53. အသက်ရှင်သောငှက်ကို မြို့ပြင်ဟင်းလင်းသောအရပ်၌လွှတ်လိုက်၍၊ ထိုအိမ်အဘို့၊ အပြစ်ဖြေခြင်းကိုပြုလျှင်၊ စင်ကြယ်ခြင်းရှိလိမ့်မည်။
54-57. ဤရွေ့ကား၊ စင်ကြယ်သည်၊ မစင်ကြယ်သည်ကို ပိုင်းခြား၍သိစေခြင်းငှါ၊ ဗောက်နူနာအစရှိသောနူနာအမျိုးမျိုး၊ အဝတ်၌စွဲသောနူနာ၊ အိမ်၌စွဲသောနူနာ၊ အဖူး၊ ယားနာ၊ နူကွက်နှင့်ဆိုင်သော နူနာတရားဖြစ်သတည်းဟု မိန့်တော်မူ၏။