1. သို့ဖြစ်၍၊ အချင်းလူသား၊ ဂေါဂတဘက်၌ ပရောဖက်ပြု၍ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ရောရှ၊ မေရှက်၊ တုဗလပြည်တို့ကို အစိုးရသောအိုဂေါဂမင်း၊ ငါသည်သင့်တဘက်၌ နေ၏။
2. သင့်ကို ငါလှည့်၍ သွေးဆောင်မည်။ မြောက်မျက်နှာမှ ချီလာ၍ ဣသရေလတောင်တို့အပေါ်သို့ ရောက်စေမည်။
3. ထိုအခါ သင့်လက်ဝဲလက်မှ လေးကို၎င်း။ လက်ျာလက်မှ မြှားတို့ကို၎င်း၊ ငါရိုက်၍ကျစေမည်။
4. သင်နှင့်သင်၌ပါသော တပ်သားအပေါင်းတို့သည် ဣသရေလတောင်တို့အပေါ်မှာ လဲ၍သေကြလိမ့်မည်။ သင့်ကို အမျိုးမျိုးသော ငှက်ရဲ၊ သားရဲတို့ကိုက်စား စရာဘို့ ငါအပ်မည်။
5. သင်သည် လွင်ပြင်၌ လဲ၍သေလိမ့်မည်။ ငါပြောပြီဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
6. မာဂေါဂပြည်နှင့် ပင်လယ်ကမ်းနားမှာ ငြိမ်ဝပ်စွာနေသော သူတို့အပေါ်သို့ မီးကိုငါလွှတ်လိုက်၍၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။
7. ထိုသို့ငါ၏ နာမမြတ်ကိုငါ၏ လူဣသရေလ အမျိုးသားတို့တွင် ထင်ရှားစေမည်။ နောက်တဖန်သူတို့ သည် ငါ၏နာမမြတ်ကိုမရှုတ်ချရကြ။ ငါသည်ဣသရေလ အမျိုး၏ သန့်ရှင်းသောဘုရား၊ ထာဝရဘုရားဖြစ်ကြောင်းကို တပါးအမျိုးသားတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
8. တဖန်အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အမှုရောက်လေပြီ။ ပြည့်စုံလေပြီ။ ယခုနေ့ရက်သည် ငါမိန့်မြွက်နှင့်ပြီးသော နေ့ရက်ဖြစ်၏။
9. ဣသရေလမြို့တို့၌ နေသောသူတို့သည် ထွက်သွား၍၊ စစ်တိုက်လက်နက်၊ ဒိုင်း၊ လွှား၊ လေး၊ မြှား၊ တုတ်၊ လှံများကို ခုနစ်နှစ်ပတ်လုံး မီးရှို့ကြလိမ့်မည်။
10. ထိုကာတွင် ဥယျာဉ်တော်၌ထင်းမခွေ၊ တော၌ ထင်းမခုတ်မလှဲ၊ စစ်တိုက်လက်နက်တို့နှင့် မီးမွေးကြလိမ့်မည်။ ဖျက်ဆီးသောသူတို့ကို ဖျက်ဆီးကြလိမ့်မည်။ လုယူသောသူတို့၏ ဥစ္စာကိုလည်းလုယူကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
11. ထိုကာလတွင် ဣသရေလပြည်၊ အိုင်အရှေ့၊ ခရီးသွားရာချိုင့်၌ ထင်ရှားသော သခင်္ျိုင်းကိုဂေါဂအား ငါပေးမည်။ ခရီသွားသော သူတို့သည် နှာခေါင်းကို ပိတ်ရ ကြလိမ့်မည်။ ထိုအရပ်၌ ဂေါဂနှင့်သူ၏လူအလုံးအရင်း ရှိသမျှကိုမြေ၌ မြှုပ်၍၊ ထိုချိုင့်သည် ဟာမုန်ဂေါဂချိုင့်အမည်ဖြင့် တွင်လိမ့်မည်။
12. ဣသရေလ အမျိုးသားတို့သည် ပြည်ကို သန့်ရှင်းစေခြင်းငှါ ခုနစ်နှစ်ပတ်လုံး မြေ၌မြှုပ်ကြလိမ့်မည်။
13. ပြည်သားအပေါင်းတို့သည် ဝိုင်း၍မြေ၌မြှုပ်သဖြင့်၊ ငါ၏ဘုန်းပွင့်သော ထိုနေ့ရက်၌ သူတို့သည်လည်း ကျော်စောခြင်းသို့ ရောက်ကြလိမ့်မည် ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
14. အရပ်ရပ်လှည့်လည်၍ အခြားသောခရီးသည်တို့နှင့် ဝိုင်းလျက်၊ မြေပေါ်၌ကြွင်းသေးသော အသေကောင်တို့ကို မြှုပ်၍၊ ထိုပြည်ကို သန့်ရှင်းစေခြင်းငှါ အစဉ်အမှုစောင့်သော သူတို့ကိုရွေးကောက်၍ ခန့်ထားရကြလိမ့်မည်။ ထိုသူတို့သည် ခုနစ်လမက ရှာဖွေကြစဉ်တွင်၊
15. လှည့်လည်၍ ခရီးသွားသောသူတို့သည် အသေကောင်၏ အရိုးကိုတွေ့မြင်လျှင်၊ မြေ၌မြှုပ်သော သူတို့သည် ဟာမုန်ဂေါဂချိုင့်၌ မမြှုပ်မှီတိုင်အောင်၊ အရိုး၏အနားမှာမှတ်တိုင်ကို စိုက်ရကြမည်။