14. ထိုနိုင်ငံသည် ယုတ်ညံ့၍နောက်တဖန်မထမကြွဘဲ၊ သစ္စာတော်ကို စောင့်သောအားဖြင့်သာ တည်စေခြင်းငှါ၊ အားကြီးသောနိုင်ငံသားတို့ကိုလည်း သိမ်းသွားပြီ။
15. သို့ရာတွင်၊ မြင်းများ၊ လူများတို့ကို တောင်းခြင်းငှါ သံတမန်ကို အဲဂုတ္တုပြည်သို့စေလွတ်၍ ပုန်ကန်လေပြီ။ ထိုသို့ပြုသောသူသည် ကောင်းစားရမည်လော။ ဘေးလွတ်ရမည်လော။ သစ္စာဖျက်ပြီးမှလွတ်ရမည်လော။
16. အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ အကယ်စင်စစ် ရှင်ဘုရင်အရာ၌ ခန့်ထားသော ရှင်ဘုရင်၏သစ္စာကို မရိုမသေပြု၍ ပဋိညာဉ်ကိုဖျက်သောကြောင့်၊ ထိုရှင်ဘုရင်နေရာ ဗာဗုလုန်မြို့အလယ်၌ သေရလိမ့်မည်။
17. ဖာရောဘုရင်သည်လည်း လူများတို့ကို သတ်ခြင်းငှါ၊ အားကြီးသော ဗိုလ်ပါအလုံးအရင်းများနှင့်အတူ မြေရိုးတို့ကိုဖို့၍ ရဲတိုက်တို့ကို ဆောက်သော်လည်း၊ သူ့အဘို့စစ်တိုက်၍ မနိုင်ရာ။
18. အကြောင်းမူကား၊ ယေရုရှလင်မင်းသည် လက်ချင်းရိုက်ပြီးမှ၊ သစ္စာတော်ကိုမရိုမသေပြု၍ ပဋိညာဉ်ကိုဖျက်လျက်၊ ဤအမှုအလုံးစုံတို့ကို ပြုသောကြောင့် ဘေးမှမလွတ်ရ။
19. ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း အကယ်စင်စစ် ငါ၏သစ္စာကို မရိုမသေပြု၍ ငါ၏ပဋိညာဉ်ကို ဖျက်သောအပြစ်ကို သူ၏ခေါင်းပေါ်သို့ ငါသက်ရောက်စေမည်။
20. ငါသည် ပိုက်ကွန်နှင့်အုပ်၍၊ ငါ၏ကျော့ကွင်းနှင့် ကျော့ပြီးလျှင်၊ ဗာဗုလုန်မြို့သို့ဆောင်သွားမည်။ ငါ့ကို ပြစ်မှားသောအပြစ်ကြောင့် ထိုမြို့၌ ငါစစ်ကြောစီရင်မည်။
21. သူ့ထံမှပြေးသော သူများနှင့်သူရဲများအပေါင်းတို့သည် ထားဖြင့် ဆုံးခြင်းသို့ရောက်၍၊ ကျန်ကြွင်းသော သူတို့သည် အရပ်ရပ်သို့ ကွဲပြားကြလိမ့်မည်။ ငါထာဝရဘုရား မိန့်တော်မူသည်ကို သင်တို့ သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
22. တဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ မြင့်သော အာရဇ်ပင်၌ အမြင့်ဆုံးသော အညွန့်ကို ငါယူ၍စိုက်မည်။ အညွန့်ဖျားတို့တွင် နုသောအညွန့်ကိုဆိတ်၍၊ မြင့်မြတ်သော တောင်ပေါ်မှာ ငါစိုက်ပျိုးမည်။
23. အမြင့်ဆုံးသော ဣသရေလတောင်ပေါ်မှာ ငါစိုက်ပျိုးပြီးမှ၊ အခက်အလက်နှင့်ပြည့်စုံ၍ အသီးကို သီးသဖြင့်၊ ကောင်းမွန်သော စပျစ်နွယ်ပင်ဖြစ်လိမ့်မည်။ ထိုအပင်အောက်၌၎င်း၊ အခက်အလက်အရိပ်၌၎င်း၊ ငှက်မျိုးအပေါင်းတို့သည် နေရာကျကြလိမ့်မည်။