1. ဣသရေလအမျိုးပရိသတ်အပေါင်းတို့သည်၊ ရှိလောမြို့မှာစည်းဝေး၍ ပရိသတ်စည်းဝေးရာတဲတော်ကို တည်ထောင်ကြ၏။ သူတို့ရှေ့မှာ တပြည်လုံးနှိမ့်ချလျက်ရှိ၏။
2. ထိုအခါ ဣသရေလအမျိုးခုနစ်မျိုးတို့သည်၊ အမွေမြေကိုမခံရသေးသည်ဖြစ်၍၊
3. ယောရှုက၊ သင်တို့ဘိုးဘေးများ၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူသောမြေကို သင်တို့သည် မသိမ်းမယူဘဲ အဘယ်မျှကာလပတ်လုံး နေကြလိမ့်မည်နည်း။
4. သင်တို့တွင် အမျိုးတမျိုးလျှင် လူသုံးယောက်စီရွေးကောက်၍ ငါစေလွှတ်သဖြင့်၊ သူတို့သည် တပြည်လုံးသို့ထသွား၍ အမွေခံသင့်သည်အတိုင်း ရေးသားပြီးမှ ငါ့ထံသို့ပြန်လာရကြမည်။
5. သူတို့သည် ပြည်ကို ခုနစ်ပိုင်းပိုင်းခြားရကြမည်။ ယုဒအမျိုးသည် တောင်ဘက်မိမိနေရာ၌နေရမည်။ ယောသပ်အမျိုးသည် မြောက်ဘက်မိမိနေရာ၌ နေရမည်။
6. ပြည်ကိုခုနစ်ပိုင်းပိုင်းခြားပြီးမှ၊ ပြည်ပုံကို ငါ့ထံသို့ဆောင်ခဲ့၍၊ ငါတို့ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ သင်တို့အဘို့ စာရေးတံပြုမည်။
7. လေဝိသားတို့သည် သင်တို့နှင့် ရော၍ အဘို့ကိုမယူရ။ ထာဝရဘုရား၏ ယဇ်ပုရောဟိတ်အရာသည် သူတို့အမွေဖြစ်၏။ ဂဒ်အမျိုး၊ ရုဗင်အမျိုး၊ မနာရှေအမျိုး တဝက်တို့သည် ယော်ဒန်မြစ်အရှေ့ဘက် ထာဝရဘုရား၏ကျွန် မောရှေပေးသည်အတိုင်း၊ အမွေမြေကိုခံယူကြပြီ ဟု ဣသရေလလူတို့အား ပြောဆို၏။
8. ထိုလူတို့သည်ထ၍သွားသဖြင့်၊ ယောရှုကလည်း၊ တပြည်လုံးသို့ ရှောက်၍ရေးသားပြီးလျှင် ငါ့ထံသို့ပြန်လာကြလော့။ ရှိလောမြို့မှာ ထာဝရဘုရားရှေ့တော်၌ သင်တို့အဘို့ စာရေးတံပြုမည်ဟု ပြည်ပုံကို ရေးသားခြင်းငှါ သွားသောသူတို့ကို မှာထားသည်နှင့်အညီ၊
9. သူတို့သည် တပြည်လုံးသို့ရှောက်သွားသဖြင့်၊ မြို့ရွာရှိသည်အတိုင်း စာ၌ခုနစ်ပိုင်းပိုင်း၍ရေးသားပြီးမှ ယောရှုနေရာ ရှိလောတပ်သို့ ရောက်လာကြ၏။
10. ယောရှုသည် ရှိလောမြို့မှာ ထာဝရဘုရားရှေ့တော်၌ စာရေးတံပြု၍ ဣသရေလအမျိုးသား အသီးသီးတို့အား မြေကိုပိုင်းခြားလေ၏။
11. ဗင်္ယာမိန်အမျိုးသားတို့သည် စာရေးတံပြု၍ အဆွေအမျိုးအလိုက် ခံရသောမြေသည် ယုဒအမျိုးသားတို့နှင့် ယောသပ်အမျိုးသားတို့စပ်ကြားမှာ ကျ၏။