1. ထိုနောက်မှ၊ မောရှေနှင့်အာရုန်သည် ဖာရောဘုရင်ထံသို့ဝင်၍၊ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားက၊ ငါ၏လူတို့သည် တော၌ငါ့အဘို့ ပွဲခံစေခြင်းငှါလွှတ်ရမည်ဟု မိန့်တော်မူကြောင်းကိုလျှောက်၏။
2. ဖာရောမင်းကလည်း၊ ထာဝရဘုရား၏စကားကိုနားထောင်၍၊ ဣသရေလအမျိုးသားတို့ကို ငါလွှတ်စေခြင်းငှါ ထိုဘုရားကားအဘယ်သူနည်း။ ထာဝရဘုရားကိုငါမသိ၊ ဣသရေလအမျိုးသားတို့ကိုငါမလွှတ်ဟု ဆိုလေ၏။
3. သူတို့ကလည်း၊ ဟေဗြဲလူတို့၏ဘုရားသခင်သည် ကျွန်တော်တို့နှင့် တွေ့တော်မူပြီ။ တောသို့သုံးရက်ခရီးသွား၍၊ ကျွန်တော်တို့ ဘုရားသခင်ထာဝရဘုရားအား ယဇ်ပူဇော်ရသောအခွင့်ကိုပေးတော်မူပါ။ သို့မဟုတ် ကာလနာဘေး၊ ထားဘေးတစုံတခုဖြင့် ကျွန်တော်တို့ကိုဒဏ်ခတ်တော်မူလိမ့်မည်ဟု လျှောက်ဆို၏။
4. အဲဂုတ္တုရှင်ဘုရင်ကလည်း၊ မောရှေနှင့် အာရုန်၊ သင်တို့သည် ဤလူများတို့ကို အဘယ်ကြောင့် အလုပ်ပြတ်စေသနည်း။ အမှုတော်ကိုသွား၍ ဆောင်ရွက်ကြဟု မိန့်တော်မူ၏။
5. တဖန်လည်းပြည်တော်၌ ထိုလူတို့သည် ယခုများကြ၏။ အမှုမထမ်းစေခြင်းငှါ သင်တို့သည် အခွင့်ပေးကြသည်တကားဟု ဖာရောဘုရင်ဆို၍၊
6. ထိုနေ့ခြင်းတွင်အအုပ်အချုပ်၊ အကြပ်အဆော်တို့ကိုခေါ်ပြီးလျှင်၊
7. အုတ်လုပ်စရာဘို့ကောက်ရိုးကို လူတို့အား အရင်ပေးသကဲ့သို့မပေးနှင့်။ သူတို့သည်ကောက်ရိုးကို ကိုယ်ဘို့ရှာယူကြစေ။
8. အုတ်ကိုကား၊ အရေအတွက်အားဖြင့် အရင်ကဲ့သို့လုပ်စေရမည်၊ အလျှင်းမလျော့စေနှင့်။ သူတို့သည်ပျင်းရိကြ၏။ ထိုကြောင့်သွား၍ ငါတို့ ဘုရားသခင်အားယဇ်ပူဇော်ကြစို့ဟု ကြွေးကြော်တတ်ကြ၏။
9. သို့ဖြစ်၍ စည်းကြပ်လျက်လုပ်စေကြ။ ပင်ပန်းစေကြ။ လူမိုက်စကားကို နားမထောင်စေနှင့်ဟု မိန့်တော်မူ၏။
10. အအုပ်အချုပ်အကြပ်အဆော်တို့သည် ထွက်၍၊ ဖာရောဘုရင်က ကောက်ရိုးကိုငါမပေး။
11. ကောက်ရိုးကို တွေ့နိုင်ရာအရပ်၌ရှာကြ။ သို့သော်လည်း လုပ်ရသော အလုပ်အလျှင်းမလျော့ရဟု အမိန့်တော်ရှိသည်ဟု လူတို့အားပြန်ကြားကြ၏။
12. သို့ဖြစ်၍လူတို့သည်ကောက်ရိုးအတွက် အမှိုက်ကိုရှာယူခြင်းငှါ အဲဂုတ္တုပြည်တရှောက်လုံးတွင် အရပ်ရပ်ကွဲပြားကြ၏။
13. အုပ်ချုပ်သောသူတို့ကလည်း၊ ကောက်ရိုးကိုရသည်ကာလ၌ နေ့တိုင်းလုပ်ရသည်အတိုင်း၊ ပြီးအောင်လုပ်ကြဟု သူတို့ကိုနှိုးဆော်ကြ၏။
14. ဖာရောမင်း၏အအုပ်အချုပ်တို့သည် ခန့်ထားသော ဣသရေလအမျိုး အကြပ်အဆော်တို့ကို သင်တို့သည် အရင်ကလုပ်သည်အတိုင်း၊ ယနေ့နှင့်မနေ့၌ အုတ်လုပ်ရသောအမှုကို အဘယ်ကြောင့် မပြီးစီးစေကြသနည်းဟု စစ်၍ရိုက်ကြ၏။
15. ထိုအခါ၊ ဣသရေလအမျိုးအကြပ်အဆော်တို့သည်၊ ဖာရောမင်းထံသို့သွား၍၊ ကိုယ်တော်သည် ကိုယ်တော်ကျွန်တို့ကို အဘယ်ကြောင့်ဤသို့စီရင်တော်မူသနည်း။
16. ကိုယ်တော်ကျွန်တို့အား၊ ကောက်ရိုးကိုမပေး၊ အုပ်ချုပ်သောသူတို့ကလည်း၊ အုတ်ကိုလုပ်ကြဟုဆိုသဖြင့်၊ ကျွန်တော်တို့သည် အရိုက်ခံရကြပါ၏။ ကိုယ်တော် လူတို့၌သာအပြစ်ရှိပါသည်ဟု အော်ဟစ်ကြ၏။
17. ဖာရောဘုရင်ကလည်း၊ သင်တို့သည် ပျင်းရိသည်၊ ပျင်းရိသည်။ ထိုကြောင့် ငါတို့သည်သွား၍ ထာဝရဘုရားအား ယဇ်ပူဇော်ကြစို့ဟု သင်တို့ဆိုတတ်ကြ၏။
18. သို့သောကြောင့် ယခုသွား၍လုပ်ကြ။ ကောက်ရိုးကိုမပေးရ။ သို့သော်လည်း အုတ်ကိုပေးမြဲပေးရမည်ဟု မိန့်တော်မူ၏။
19. ထိုသို့နေ့တိုင်းလုပ်ရသော အုတ်အရေအတွက်၌အလျှင်းမလျော့ရဟု အမိန့်တော်ရှိသည်ဖြစ်၍၊ ဣသရေလအမျိုးအကြပ်အဆော်တို့သည် မိမိတို့၌ အမှုကြီးရောက်ကြောင်းကို သိမြင်ကြ၏။
20. ဖာရောမင်းထံမှထွက်သွားကြစဉ်၊ လမ်း၌စောင့်လျက်နေသော မောရှေနှင့်အာရုန်ကိုတွေ့လျှင်၊
21. ထာဝရဘုရားသည် သင်တို့ကိုကြည့်ရှု၍ စီရင်တော်မူပါစေသော။ အကြောင်းမူကား၊ ဖာရောမင်းနှင့် အမှုတော်ထမ်းအပေါင်းတို့သည် ငါတို့ကို ရွံရှာစေခြင်းငှါ၎င်း၊ ငါတို့ကို သတ်ရသောအခွင့်ရှိစေခြင်းငှါ၎င်း၊ သင်တို့သည် ပြုကြပြီတကားဟု ဆိုကြ၏။
22. မောရှေသည်လည်း၊ ထာဝရဘုရားထံတော်သို့သွား၍၊ အိုဘုရားရှင်၊ ကိုယ်တော်သည် ဤလူမျိုးကို အဘယ်ကြောင့်ညှဉ်းဆဲတော်မူသနည်း။ အကျွန်ုပ်ကို အဘယ်ကြောင့် စေလွှတ်တော်မူသနည်း။
23. အကျွန်ုပ်သည် ကိုယ်တော်အခွင့်နှင့်ပြောခြင်းငှာ၊ ဖာရောမင်းထံသို့ ဝင်သည်နေ့မှစ၍၊ သူသည် ဤလူမျိုးကိုညှဉ်းဆဲပါပြီ။ ကိုယ်တော်သည် ကိုယ်တော်၏ လူတို့ကို အလျှင်းကယ်လွှတ်တော်မမူပါဟုလျှောက်၏။