အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 30 Judson Bible (BJB)

1. တနည်းကား၊ နံ့သာပေါင်းကို မီးရှို့စရာယဇ်ပလ္လင်ကို အကာရှသားနှင့် လုပ်ရမည်။

2. ထိုပလ္လင်သည် အလျားတတောင်၊ အနံတတောင်၊ စတုရန်းလေးထောင့်ဖြစ်၍၊ အမြင့်နှစ်တောင်ရှိရမည်။ ဦးချိုတို့ကိုလည်း အကာရှသားဖြင့်ပြီးစေရမည်။

3. ပလ္လင်ထိပ်၊ နံရံ၊ ဦးချိုတို့ကို ရွှေစင်နှင့်မွမ်းမံ၍၊ အပေါ်နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကိုလည်းလုပ်ရမည်။

4. ရွှေတန်ဆာအောက်၊ ပလ္လင်တဘက်တချက်ထောင့်၌ ရွှေကွင်းနှစ်ကွင်းကိုလုပ်၍၊ ပလ္လင်ထမ်းစရာထမ်းဘိုးနေရာ ဖြစ်ရမည်။

5. ထမ်းဘိုးတို့ကို အကာရှသားနှင့်လုပ်၍ ရွှေနှင့်မွမ်းမံခံရမည်။

6. ငါသည် သင်နှင့်တွေ့ရာအရပ်၊ သက်သေခံချက်ထားသောသေတ္တာကို ကာသော ကုလားကာရှေ့၌ ထိုပလ္လင်ကိုထားရမည်။

7. အာရုန်သည် နံနက်တိုင်း မီးခွက်တို့ကိုပြင်သောအခါ၊ ထိုပလ္လင်ပေါ်မှာ မွှေးသော နံ့သာပေါင်းကိုရှို့ရမည်။

8. ညဦးယံ၌လည်း မီးခွက်တို့ကိုထွန်းသောအခါ၊ ထိုပလ္လင်ပေါ်မှာ နံ့သာပေါင်းကို ရှို့ရမည်။ ထိုသို့ သင်တို့သားစဉ်မြေးဆက်တို့သည် ထာဝရဘုရားရှေ့တော်၌ အစဉ်အမြဲပြုရသော နံ့သာပေါင်းရှို့ခြင်းဖြစ်သတည်း။

9. ထိုပလ္လင်ပေါ်မှာထူးခြားသော နံ့သာပေါင်းကိုမရှို့ရ။ မီးရှို့သောယဇ်ကိုမပြုရ။ ဘောဇဉ်ပူဇော်သက္ကာကိုလည်းမပြုရ။ သွန်းလောင်းရာ ပူဇော်သက္ကာကိုလည်းမပြုရ။

10. အာရုန်သည် တနှစ်တခါအပြစ်ဖြေရာယဇ်ကောင်းအသွေးကိုယူ၍၊ ထိုပလ္လင်၏ ဦးချိုတို့၌ အပြစ်ဖြေခြင်းမင်္ဂလာကိုပြုရမည်။ သင်တို့သားစဉ်မြေးဆက်တို့သည် တနှစ်တခါ ထိုသို့ပြုရကြမည်။ ထာဝရဘုရားအား အလွန်သန့်ရှင်းသော ယဇ်ပလ္လင်ဖြစ်သည်။

11. တဖန်ထာဝရဘုရားသည်၊ မောရှေအားမိန့်တော်မူသည်ကား၊

12. ဣသရေလအမျိုးသားတို့ကို ရေတွက်၍စာရင်းယူသောအခါ၊ ဘေးလွတ်မည်အကြောင်းရှိသမျှတို့သည် အသီးအသီးမိမိအသက်ရွေးရန် အဘိုးကို ထာဝရဘုရားအားဆက်ကပ်ရမည်။

13. ရေတွက်၍ စာရင်းဝင်သောသူအပေါင်းတို့သည် အကျပ်တော်အလိုက်၊ ငွေအကျပ်တဝက်စီ ထာဝရဘုရားအားဆက်ကပ်ရမည်။ အကျပ်ကား၊ ဂေရ နှစ်ဆယ်ဖြစ်သတည်း။

14. အသက်နှစ်ဆယ်မှစ၍၊ ပိုလွန်သောသူအပေါင်းတို့သည် စာရင်းဝင်၍၊ ထိုသို့သောပူဇော်သက္ကာကို ထာဝရဘုရားအားပြုရမည်။

15. ကိုယ်အသက်ကိုရွေးခြင်းငှါ၊ ထာဝရဘုရားအား ပူဇော်သက္ကာကိုပြုသောအခါ၊ ငွေရတတ်သောသူတို့သည် မပို၊ ဆင်းရဲသောသူတို့သည်မလျှော့ဘဲ၊ လူတိုင်း အကျပ်တဝက်စီပေးရမည်။

16. ဣသရေလအမျိုးသားတို့၏ အရွေးငွေကိုယူ၍ သူတို့အသက်ကိုရွေးခြင်းငှာ၊ ထာဝရဘုရားရှေ့တော်၌ ဣသရေလအမျိုးသားတို့၏ သက်သေဖြစ်ရမည်အကြောင်း၊ ပရိသတ်စည်းဝေးရာ တဲတော်စရိတ်အဘို့အလိုငှာ ထားရမည်ဟုမိန့်တော်မူ၏။

17. တဖန်ထာဝရဘုရားသည်၊ မောရှေအားမိန့်တော်မူသည်ကား၊

18. အာရုန်နှင့် သူ၏သားတို့လက်ခြေဆေးစရာဘို့ ကြေးဝါခြေထောက်ပါသော ကြေးဝါအင်တုံကိုလုပ်၍၊ ပရိသတ်စည်းဝေးရာတဲတော်နှင့် ယဇ်ပလ္လင်စပ်ကြား၌ ထားရမည်။

19. သူတို့သည် ပရိသတ်စည်းဝေးရာတဲတော်သို့ ဝင်သော်၎င်း၊၊

20. အမှုတော်ကိုထမ်း၍ ထာဝရဘုရားအား မီးရှို့သောယဇ်ကိုပူဇော်ခြင်းငှာ၊ ယဇ်ပလ္လင်အနားသို့ချဉ်းကပ်သော်၎င်း၊

21. သေဘေးနှင့် ကင်းလွတ်မည်အကြောင်း၊ မိမိတို့လက်ခြေကိုဆေးရမည်။ ထိုသို့သူတို့နှင့် သူတို့အမျိုးအနွယ်အစဉ်အဆက်တို့သည် စောင့်ရသော ပညတ်တော်ဖြစ်သတည်းဟု မိန့်တော်မူ၏။

22. တဖန်ထာဝရဘုရားသည်၊ မောရှေအားမိန့်တော်မူပြန်သည်ကား၊

23. သင်သည်မြတ်သောနံ့သာမျိုးကို အကျပ်တော်နှင့်ချိန်လျက်၊ စင်ကြယ်သော မုရန်စေးအကျပ်ငါးရာ၊ မွှေးသောသစ်ကြံပိုးနှစ်ရာငါးဆယ်၊ မွှေးသောကြံနှစ်ရာငါးဆယ်၊

24. သစ်ကြံပိုးတမျိုးငါးရာ၊ သံလွင်ဆီတဟိန်ကိုယူ၍၊

25. ဆေးသမားအတတ်နှင့် ဖယောင်းဆီကိုဘော်တတ်သည်အတိုင်း၊ လိမ်းရန်ဆီတည်းဟူသော သန့်ရှင်းသောနံ့သာဆီကိုဘော်ပြီးမှ၊

26. ပရိသတ်စည်းဝေးရာတဲတော်နှင့် သက်သေခံချက်သေတ္တာကို၎င်း၊

27. စားပွဲနှင့် စားပွဲတန်ဆာရှိသမျှကို၎င်း၊ မီးခုံနှင့် မီးခုံတန်ဆာကို၎င်း၊ နံ့သာပေါင်းရှို့သောပလ္လင်၊

28. မီးရှို့ရာယဇ်ပူဇော်သောပလ္လင်နှင့် ပလ္လင်တန်ဆာရှိသမျှကို၎င်း၊ အင်တုံနှင့် အင်တုံခြေထောက်ကို၎င်း၊ ထိုနံ့သာဆီနှင့်လိမ်းသဖြင့်၊

29. ထိုအရာတို့ကိုအလွန်သန့်ရှင်းစေခြင်းငှာ၊ ထိုသို့သန့်ရှင်းစေရမည်။ ထိုအရာတို့နှင့်တွေ့သမျှသောအရာသည် သန့်ရှင်းသောအရာဖြစ်ရမည်။

30. အာရုန်နှင့် သူ၏သားတို့ကိုလိမ်း၍၊ သူတို့သည် ငါ့ရှေ့၌ ယဇ်ပုရောဟိတ်အမှုကိုဆောင်စေခြင်းငှာ၊ ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားရမည်။

31. ဣသရေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာ၊ သင်တို့သားစဉ်မြေးဆက်အပေါင်းတို့၌ ဤဆီသည်၊ ငါ့အဘို့သန့်ရှင်းသော လိမ်းရန်ဆီဖြစ်ရမည်။

32. လူ၏ကိုယ်ပေါ်မှာမလောင်းရ။ ထိုဆီကိုဘော်သည်နည်းတူ၊ အခြားသောဆီကို မဘော်ရ။ သန့်ရှင်းသည်ဖြစ်၍၊ သန့်ရှင်းသည်ဟု သင်တို့သည်မှတ်ရမည်။

33. ထိုဆီနှင့်တူအောင်ဘော်သောသူ၊ မဆိုင်သောလူ၌ လိမ်းသောသူမည်သည်ကား၊ မိမိအမျိုးမှပယ်ရှင်းခြင်းကိုခံရမည်ဟု မိန့်တော်မူ၏။

34. တဖန်ထာဝရဘုရားသည်၊ မောရှေအားမိန့်တော်မူသည်ကား၊ မွှေးသော နံ့သာမျိုးတည်းဟူသောနတပ်စေး၊ မွှေးသောငါးခွံ၊ ဂါလဗန်စေး၊ စင်သောလောဗန်စေးတို့ကို အညီအမျှချိန်ယူ၍၊

35. ဆေးသမားအတတ်နှင့် နှာဆေးကို ဘော်တတ်သည်နည်းတူရောနှော၍၊ သန့်ရှင်းစင်ကြယ်သော နံ့သာပေါင်းကိုဘော်ရမည်။

36. အချို့ကိုလည်းညက်ညက်ထောင်းပြီးမှ၊ ငါသည် သင်နှင့်တွေ့ရာအရပ်၊ ပရိသတ်စည်းဝေးရာတဲတော်၌ သက်သေခံချက်ရှေ့မှာထားရမည်။ သင်တို့တွင် အလွန်သန့်ရှင်းရမည်။

37. ထိုသို့သောနံ့သာပေါင်းကို ဘော်သည်နည်းတူ၊ အခြားသောနံ့သာပေါင်းကို ကိုယ်သုံးဘို့မဘော်ရ။ သင်တို့တွင် ထာဝရဘုရားအဘို့သန့်ရှင်းရမည်။

38. အကြင်သူသည် မိမိရှူစရာဘို့ ထိုနံ့သာပေါင်းနှင့် တူအောင်ဘော်၏။ ထိုသူသည် မိမိအမျိုးမှပယ်ရှင်းခြင်းကိုခံရမည်ဟု မိန့်တော်မူ၏။